
မေ ၅၊ ၂၀၂၆
Zalen
ပြည်ပနိုင်ငံမှာ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားတွေ ခွင့်နဲ့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်ပြီးနောက် လုပ်ငန်းခွင်ကို ပြန်လည်ထွက်ခွာရာမှာ လိုက်နာ ဆောင်ရွက် ရမယ့် လုပ်ထုံးလုပ်နည်းအသစ်တွေကို သက်ဆိုင်ရာက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်တဲ့ ဒီသတ်မှတ်ချက်အရ ခွင့်ဖြင့် ပြန်လည်ဝင်ရောက် လာသော အလုပ်သမားတွေဟာ မိမိတို့လုပ်ကိုင်နေသော အလုပ်ရှင်ထံမှ ခွင့်ပြုချက်စာကို ရယူထားရမှာ ဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီခွင့်စာကို မိမိတို့အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံရှိ မြန်မာသံရုံး၊ သံရုံးအဖွဲ့ရုံး သို့မဟုတ် ကောင်စစ်ဝန် ချုပ် ရုံးတို့မှာ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက် ရယူထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာမှာ အဲဒီ ထောက်ခံချက်တွေနဲ့အတူ သတ်မှတ်ထားသော စာရွက်စာတမ်းတွေကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
မေလ ၁ ရက်နေ့မတိုင်မီကပင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူတွေထဲက ခွင့်ကာလ (၁) လထက် ကျော်လွန်နေသူတွေ သို့မဟုတ် လက်ရှိကိုင်ဆောင်ထားသော OWIC ကတ်ပြားပေါ်ရှိ နိုင်ငံနဲ့ လုပ်ငန်းခွင် အမည်တွေ ကွဲလွဲနေသူတွေဟာ အကြောင်းပြချက် ခိုင်လုံစွာ တင်ပြရမှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မီးဖွားခွင့်နဲ့ နာမကန်းခွင့်တွေမှအပ ကျန်ရှိတဲ့ နှစ်ပတ်လည်ခွင့်တွေကို တလထက်ပို၍ ခွင့်ပြုလေ့မရှိတာကြောင့် အဲဒီကိစ္စရပ်တွေကို အသေးစိတ် စိစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလျု စိစစ်မှုတွေ ပြုလုပ်ရခြင်းမှာ အလုပ်သမားတွေရဲ့ အလုပ်ရှင်နဲဲဲြလုပ်ငန်းခွင် အမှန်တကယ် ရှိ၊ မရှိကို အတည်ပြုနိုင်ရန်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံရံ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အချက်အလက်တွေ မှန်ကန်မှသာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ဖော်ဆောင်ပေး နိုင်မှာ ဖြစ်ပါတယ်။
ပြည်ပရောက် လုပ်သားများအနေနဲ့ လုပ်ငန်းခွင်သို့ အချိန်မီ ပြန်လည်ဝင်ရောက်နိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ ဆုံးရှုံးမှုမရှိစေရန်အတွက် အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်တဲ့ လျှောက်လွှာတွေကို တပတ်အတွင်း အမြန်ဆုံး စိစစ်ပေးသွားမှာဖြစ်ပါတယ်။
အဲဒီကာလအတွင်း ပြည်ပထွက်ခွာခွင့်နဲ့ OWIC အသစ်လဲလှယ်ခြင်း လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#PJပတ်စပို့ #ပြန်လည်ထွက်ခွာ#OWIC #လိုအပ်#Zalen















