မေ ၅ ၊ ၂၀၂၆
Zalen
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ချင်းပြည်နယ် တောင်ပိုင်းထိုးစစ်တွေကို ခုခံကာကွယ်ဖို့အတွက် ချင်းပြည်သူ့တပ်မတော် (CPU/ CPA) အနေနဲ့ စစ်ရေးပြင်ဆင်ထားပြီဖြစ်တယ်လို့ CPU/ CPA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
မေလ ၂ ရက်နေ့ကပြုလုပ်တဲ့ “ချင်းညီနောင် အထူးရန်ပုံငွေရှာဖွေပွဲ” မှာ CPU/ CPA ရဲ့ အတွင်းရေးမှူး ဆလိုင်းယောမာန်က အခုလို ပြောကြားခဲ့တာပါ။
ချင်းညီနောင်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီတပ်တွေက အင်အားသုံး ထိုးစစ်ဆင်ကာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မြို့ကို ပြန်ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီက လက်လွတ်ထားရတဲ့ တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေဘက်ကို ပြန်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတွေ ရှိနေတာပါ။
“ချင်းပြည်မြောက်ပိုင်းဘက်၊ ဖလမ်းမှာ သူတို့က ဝင်နိုင်ပြီး၊ အောင်မြင်မှု ရတယ်ဆိုတာနဲ့ ဒီဘက်ကို သွေးတိုးစမ်းလာတဲ့ သဘော မျိုးတော့ ရှိတယ်။ ကျနော်တို့ကလည်း CPU/ CPA ဖွဲ့တယ်ဆိုတာက နောင်တချိန် ဒီလိုဖြစ်လာနိုင်မယ် ဆိုတဲ့အတွက်ကြောင့် ကြိုတင်မြင်ထားလို့ ကြိုတင်စုထားတယ်၊ လုပ်ထားကြတယ်၊ ကြိုတင်ပြင်ဆင်ထားကြတယ်။ အခုက စစ်ရေးသဘောသဘာဝ ဆိုတော့ ပြောရတာ ခက်ပါတယ်။ ကျနော်အထင် နောက် ၃/၄ လဆိုရင် ဘယ်လိုဖြစ်လာမလဲ၊ အားလုံး မြင်ရမှာ သိရမှာပေါ့နော်။ ” လို့ CPA အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
ဒီတစ်ကြိမ် ထိုးစစ်ကိုသာ အောင်အောင်မြင်မြင် တောင့်ခံနိုင်ရင် ချင်းတောင်ပိုင်းဟာ ယာယီလွတ်မြောက်ရုံတင်မကဘဲ နှစ်ရှည်လွတ်မြောက်မှုအထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ CPU/ CPA အနေနဲ့ ၂၀၂၄ ဒီဇင်ဘာလက မင်းတပ်မြို့သိမ်းတိုက်ပွဲထက် အင်အားပိုမိုကြီးမားတဲ့ တပ်ဖြစ်အောင် စုစည်းထားနိုင်သလို ပိုမိုကောင်းမွန်တဲ့ မဟာမိတ်တွေနဲ့လည်း ချိတ်ဆက်ထားပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေ အဆင်သင့်ပြင်ထားကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ CPA ဘက်က တိုက်တွန်းထားပါတယ်။
Helen
#ချင်းတောင်ပိုင်းထိုးစစ်#CPA #စစ်ရေးပြင်ထား#CPU/ CPA#Zalen














