မေ ၇ ၊၂၀၂၆
Zalen
ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်တဲ့ UFC ရဲ့ သမိုင်းဝင်ညတညဖြစ်လာမယ့် UFC 328 ပွဲစဉ်ကို လာမယ့်မေလ ၉ ရက်နေ့ ( မြန်မာ မေလ ၁၀ရက်နေ့ ) မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ Prudential Center မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ အဓိကဆွဲဆောင်မှုတခု ကတော့ Flyweight တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် မြန်မာ့ဂုဏ်ဆောင် Joshua Van (The Cannibal) နှင့် ဂျပန်ထိပ်သီးဖိုက်တာ Tatsuro Taira တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ UFC သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အာရှတိုက်ဖွား ဖိုက်တာနှစ်ဦးကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်တဲ့ပွဲအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားတဲ့ Gen Z မျိုးဆက်သစ်လူငယ်နှစ်ဦးရဲ့ ပထမဆုံးချန်ပီယံလုပွဲလည်း ဖြစ်လာခဲ့ပါတယ်။
UFC 323 တုန်းက Alexandre Pantoja ကို အနိုင်ယူကာ မြန်မာနိုင်ငံသားအဖြစ် ပထမဆုံး UFC ချန်ပီယံဖြစ်လာတဲ့Joshua Van အတွက် ဒီပွဲက ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်ရမယ့် ပွဲလည်းဖြစ်ပါတယ်။
လက်ရှိ နိုင်ပွဲ ၁၆ ပွဲနှင့် ရှုံးပွဲ ၂ ပွဲရှိထားတဲ့ ဗန်က သူ့ရဲ့ထူးခြားတဲ့ Boxing စွမ်းရည်နှင့် ပြိုင်ဘက်ကို ဖိအားပေးနိုင်တဲ့သက်လုံကောင်းမွန်မှု တွေကြောင့် ချန်ပီယံခါးပတ်ကာကွယ်နိုင်ဖို့ ရေပန်းစားနေပါတယ်။
ဗန်ကိုစိန်ခေါ်တဲ့ အသက် ၂၆ နှစ်အရွယ် ဂျပန်ဖိုက်တာ Tatsuro Taira ဟာ ၁၈ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ထားပြီး အရပ်အမောင်းနှင့် လက်တံအရှည်မှာ ဗန်ထက် အသာစီးရထားသလို၊ မြေပြင်ချုပ်ကွက် (Grappling) ပိုင်းမှာအလွန်ကျွမ်းကျင်သူဖြစ်လို့ ချန်ပီယံအတွက် အဓိကစိုးရိမ်စရာ ပြိုင်ဘက်ဖြစ်လာမှာတော့အသေအချာပါပဲ။
အားကစားဝေဖန်သူ တွေရဲ့ အဆိုအရ ဒီပွဲစဉ်က”Striker vs Grappler” တို့ရဲ့အားပြိုင်မှုဖြစ်ပြီး၊ Joshua Van အနေနဲ့Taira ရဲ့ မြေပြင်ချုပ်ကွက်ထဲကို မရောက်အောင် ထိန်းချုပ်နိုင်မလား။ ဒါမှမဟုတ် Taira ကပဲသူအားသာတဲ့ လက်တံအသာစီးနဲ့ ချုပ်ကွက်ဖော်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
“ဒါဟာ ကျွန်တော့်အတွက်တင်မကဘဲ မြန်မာပြည်သူတွေအတွက်ပါ အရေးကြီးတဲ့ပွဲပါ။ ခါးပတ်ကို ကျွန်တော့်လက်ထဲမှာပဲ ဆက်ရှိနေအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ Joshua Van က ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်ဖိုက်တာတိုင်ရာကတော့ “Joshua Van က စွမ်းဆောင်ရည်ကြောင့် မဟုတ်ဘူ။ ကံကောင်းလို့သာ ချန်ပီယံ ဖြစ်တာ” လို့ ပွဲမတိုင်မီ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
သတင်း – လောက
ဓာတ်ပုံ -ESPN
#အားကစားသတင်း#JoshuaVan#UFC328#TatsuroTaira#UFC #Zalen







