
မေ ၁၁၊ ၂၀၂၆
Zalen
ချင်းပြည်နယ် ဖလမ်း–ဟားခါး–ရိဒ်ခေါဒါရ်လမ်းပိုင်းကို ပြန်လည်ထိန်းဖို့ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရှိရပါတယ်။

နှဖက်တိုက်ပွဲတွေ နဲ့ လေကြောင်းအန္တရာယ်တွေရှိလာတာကြောင့် အဲ့လမ်းပိုင်းတလျှောက်က ကျေးရွာတွေမှာနေတဲ့ ဒေသခံတွေဟာ အိုးအိမ်တွေထားခဲ့ပြီး ဘေးလွတ်ရာရွာတွေ၊ နယ်စပ်ဘက်တွေကို စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေဟာ လေယာဉ်ဗုံးကြဲတာ၊ လူသားဒိုင်းအသုံးပြုတာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ လုပ်တတ်တာကြောင့် ကြိုတင်ရှောင်နေကြတာလို့ ဆိုပါတယ်။
ဇာဟောင်နယ် Hlawnceu တောင်ကြောဘက်က လူတွေဟာ Tiahdai ရွာဘက်အထိ ရှောင်နေကြရပြီး၊ တချို့ကတော့ ဆွေမျိုးရှိရာ တီအို၊ ဇိုခွါထာရ်နဲ့ မီဇိုရမ်ဘက်အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ရှောင်အမျိုးသမီးတဦးက “တိုက်ပွဲတွေက အခုဆို ငါတို့ရွာဘက်ထိ နီးလာပြီ။ အရင်ပတ်ကလည်း ဂေါ်ပွီးချစ်ရွာမှာ တိုက်ပွဲမရှိဘဲ လေယာဉ်ဗုံးလာကြဲလို့ ကလေး ၆ ယောက်လောက် သေသွားတယ်။ အခုလည်း တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးလာလို့ ကြိုရှောင်နေကြတာပါ” လို့ Zalen ကို ပြောပါတယ်။
ဒေသခံအမျိုးသားတဦးကလည်း “CNA တွေ ရွာဘက်အဝင်အထွက်ရှိသလို စစ်ကောင်စီကလည်း ရိဒ်လမ်းပိုင်းကို ဦးတည်ဖို့တာစူနေတဲ့သတင်းတွေရှိတာကြောင့် ရွာတော်တော်များများက လူတွေနယ်စပ်ဘက်နဲ့ ဘေးလွတ်ရာရွာတွေကို စစ်ရှောင်ကုန်ကြတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ အိန္ဒိယ–မြန်မာနယ်စပ်ဘက်အထိ စစ်ကြောင်းတိုးနိုင်ဖို့ အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
ဒါပေမယ့် အိန္ဒိယ–မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် နယ်စပ်ဒေသအများစုကိုတော့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
လက်ရှိ ဖလမ်း–ဟားခါးလမ်းပိုင်းနဲ့ ကလေး–တီးတိန်လမ်းပိုင်းတွေမှာလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
မိုင်နွေဦး
ဓာတ်ပုံ-ပေးပို့







