
မေ ၁၂ ၊ ၂၀၂၆
Zalen
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက တွန်းဇံမြို့ကို စစ်ကောင်စီတပ်နဲ့ ZRA ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးမြို့ဘက်ကနေ တီးတိန်မြို့ကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ZRA အဖွဲ့နဲ့ ပေါင်းပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ဘက်ကို ဦးတည် ထိုးစစ်ဆင်လာတာပါ။
မေလ ၈ ရက်နေ့ကတည်းက ကလေးမြို့ကနေ သံချပ်ကာကားတစ်စီး အပါအဝင် အင်အား ၆၀၀ ကျော်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တီးတိန်မြို့ကို ရောက်ရှိနေတာပါ။

မနေ့က မေလ ၁၁ ရက် မနက်ပိုင်းမှာတော့ တီးတိန်မှာ အခြေစိုက်နေတဲ့ ZRA အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စုစုပေါင်း အင်အား ၈၀၀ နီးပါးနဲ့ တွန်းဇံမြို့ဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
“တွန်းဇံကို ဦးတည် စစ်ကြောင်းထိုးလာတာပေါ့နော်၊ ZRA လည်း ပါတယ်ဆိုတော့ နယ်မြေ ပိုကျွမ်းကျင်သူပါတော့ တိုက်ပွဲတွေက ပြင်းထန်လာနိုင််ချေရှိတယ်။ ဖလမ်းကို ရပြီးတဲ့နောက် စစ်ကောင်စီက သူတို့ရှုံးထားတဲ့ နေရာတွေ ပြန်ရဖို့ ကြိုးစားနေတာ။ ” လို့ စစ်ရေးသတင်းရင်းမြစ်
တဦးက ပြောပါတယ်။
လက်ရှိမှာ ဖလမ်း-ဟားခါး၊ ဖလမ်း-တီးတိန် နဲ့ တီးတိန်-သိုင်းငင်း လမ်းပိုင်းတွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ရေးအခြေအနေတင်းမာနေပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေအတွက် ကလေးမြို့ဘက်ကနေ လူအင်အား၊ လက်နက်အင်အားတွေကို အကြိမ်ကြိမ် ဖြည့်တင်းနေပြီး စစ်ကြောင်းတွေ ထိုးနေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ဖလမ်းနဲ့ တီးတိန်မြို့နယ်အတွင်းက ဒေသခံတွေဟာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရပါတယ်။
မိုးမကြာခဏ ရွာသွန်း နေတာကြောင့် အမိုးအကာ၊စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
တွန်းဇံနဲ့ ကျီခါးမြို့တွေကိုတော့ ၂၀၂၄ခုနှစ် မေလ ၂၃ရက်မှာ ချင်းလန်းကောင်စီပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်အတွင်းက မြို့အတော်များများဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ ရှိနေပြီး စစ်ကောင်စီကတော့ မြို့ကြီးအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Mary
ဓာတ်ပုံ-လူမှုကွန်ယက်







