
မေ ၁၂၊ ၂၀၂၆
Zalen
မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က Burma Research Institute ထံ ပေးပို့တဲ့စာထဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက ဧပြီလ ၈ ရက်နေ့က ဖလမ်းမှာရှိတဲ့ Christ the King ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးခံခဲ့ရပြီး ဧပြီလ ၁၃ ရက်နေ့ (Palm Sunday) တုန်းက မင်းတပ်မြို့က နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပြီး ဒါတွေကို အမေရိကန်က ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ အမေရိကန်ဘက်ကနေ တာဝန်ရှိသူတွေကို ဗီဇာပိတ်တာနဲ့ စီးပွားရေးအရ ပိတ်ဆို့တာတွေ လုပ်နေပါတယ်။
ဒါ့အပြင် အရပ်သားတွေကို အကြမ်းဖက်နေတာတွေ ရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အဟန့် အတား မရှိ ပေးခွင့်ပြုဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အကျပ်အတည်းတွေ ပြေလည်ဖို့အတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးဖို့ဆိုပြီး စစ်တပ်ကို ဆက်ပြီး ဖိအားပေးသွားမယ်လို့ သိရပါတယ်။
Burma Research Institute ဘက်က တင်ပြထားတဲ့ အကြံပြုချက်တွေကိုလည်း သေချာသုံးသပ်ပြီး မြန်မာပြည်အရေးအတွက် အထိရောက်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ အမေရိကန်ဘက်က အတည်ပြု ပြောကြားထားပါတယ်။
Helen
ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့က ဖလမ်းမြို့ရှိ Christ the King ကက်သလစ်ဘုရားကျောင်းကို စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့်ဖျက်ဆီးခဲ့ရသည့်ပုံ)







