မေ ၁၃၊ ၂၀၂၆
Zalen

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို တိတ်တဆိတ် ဝင်ရောက်ခိုလှုံတာတွေ ပိုများလာနေပါတယ်။
စစ်တကောင်းတောင်တန်းဒေသမှာ မာရမာ၊ မြို၊ ဒိုင်းနက်အပြင် ခူမီးနဲ့ Bawm တို့လို ချင်းမျိုးနွယ်စုဝင်တွေ အပါအဝင် တိုင်းရင်းသား ၁၁ စုလောက် နေထိုင်ကြတာပါ။
ဒါပေမဲ့ အစိုးရအဆက်ဆက်ရဲ့ စီမံခန့်ခွဲမှု အားနည်းတာ၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ မြေပြန့်ကနေ ပြောင်းရွှေ့လာတဲ့ မူဆလင်တွေရဲ့ မြေယာကျူးကျော်မှုတွေကြောင့် အခုလို မြန်မာနိုင်ငံဘက်ကို ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မြေပြန့်က ရောက်လာသူတွေဟာ တိုင်းရင်းသားပိုင် လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းယူတာ၊ စိုက်ပျိုးခင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ သွားလာရေး ကန့်သတ်တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းရင်းသား အမျိုးသမီးငယ်တွေ ပြန်ပေးဆွဲခံရတာနဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းတာတွေ ကြုံနေရပေမဲ့ အာဏာပိုင်တွေဘက်က ထိရောက်တဲ့ အရေးယူမှုမျိုး မရှိဘူးလို့ ဆိုပါတယ်။
တဖက်မှာလည်း ကူကီး-ချင်းအမျိုးသားတပ်ဦး (KCNF) နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီအတွင်းမှာ အရပ်သားတွေကို အကြမ်းဖက်သမားအဖြစ် စွပ်စွဲဖမ်းဆီးတာ၊ နှိပ်စက်တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကိုပါ ခံနေကြရတာပါ။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်းကို ရောက်ရှိလာတဲ့ တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ချင်းပြည်နယ် နယ်စပ်အနီးက ကျေးရွာတွေမှာ အခြေချနေထိုင်နေကြပါတယ်။
အများစုကတော့ စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ နေ့စားအလုပ်တွေကို လုပ်ကိုင်နေကြရတာပါ။
မြန်မာနိုင်ငံအတွင်းမှာလည်း တိုက်ပွဲတွေ ရှိနေပေမဲ့ သူတို့နေရပ်မှာ ကြုံနေရတဲ့ စနစ်တကျ ဖိနှိပ်ခံရမှုတွေနဲ့ ယှဉ်ရင် မြန်မာဘက်မှာ ခိုလှုံရတာက ပိုပြီး ဘေးကင်းတယ်လို့ သိရပါတယ်။
အခုအချိန်အထိ စစ်တကောင်းတောင်တန်းဒေသကနေ မြန်မာဘက်ကို ပြောင်းရွှေ့လာတဲ့ မာရမာတိုင်းရင်းသား ဦးရေဟာ ၂၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး နယ်စပ်ဒေသ မတည်ငြိမ်မှုတွေ ဆက်ရှိနေရင်တော့ အခုလို ထွက်ပြေးလာသူ ဦးရေဟာ ထပ်ပြီး တိုးလာနိုင်စရာ ရှိနေပါတယ်။
ကိုးကား – The Diplomat
သတင်း-ဆလိုင်း














