ဇွန် ၂၉၊ ၂၀၂၆
Zalen

အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရက ခြံစည်းရိုးကာရံမှုနဲ့ နယ်မြေပြန်လည် သတ်မှတ်မယ့်အပေါ် ကူကီး Chief Association အဖွဲ့က ပြင်းထန်စွာကန့်ကွက်ထားတယ်လို့ ဇွန်လ ၂၈ရက်နေ့က ဒေသအတွင်းသတင်းများဖော်ပြချက်အရသိရပါတယ်။
ကူးကီး လူမျိုးစုခေါင်းဆောင်မျာ( Kuki Chief Association) အဖွဲ့က ယခုအိန္ဒိယအစိုးရက အကောင်အထည် ဖော်ဆောက်လုပ်မယ့် ကမ်ဂျွန်ခရိုင် အတွင်းက အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးကာရံမှုနဲ့ နယ်မြေပြန်လည် သတ်မယ့်အပေါ် အခုလိုကန့်ကွက်နေကြတာဖြစ်ပါတယ်။
ယင်းသို့ ဗဟိုအစိုးရက ခြံစည်းရိုးကာရံခြင်းနဲ့ နယ်မြေပြန်လည်သတ်မှတ်မှုတို့ကြောင့် နှစ်နိုင်ငံ နယ်နိမိတ်ရဲ့ အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ ဒေသခံကူကီး ကျေးရွာများနဲ့ လူနေအိမ်များ ရွေ့ပြောင်းခံရမှာဖြစ်သလို စိုက်ပျိုးရေး မြေယာအမြောက်အများကိုလည်း ဆုံးရှုံးနစ်နာသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီကူကီးလူမျိုးစု ခေါင်းဆောင်များရဲ့ အဆိုအရ အစိုးရက နယ်မြေအသစ်ပြန်လည်သတ်မှတ်မယ့် နယ်မြေ ဒေသဟာ ဒေသခံကူကီးမျိုးနွယ်စုများ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တဲ့ နယ်မြေဒေသဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိင်ငံ နယ်စပ်စည်းမျဉ်းသစ်ပြန်လည်သတ်မှတ်ပြီး ခြံစည်းရိုးကာရံပါက ယခင်ကတည်းက တည်ရှိခဲ့တဲ့ ကျေးရွာများ၊ လူနေအိမ်များနဲ့ ဘိုးဘွားပိုင် စိုက်ပျိုးရေးမြေယာများဟာ ခြံစည်ရိုးတဘက် ခြမ်း(အိန္ဒိယနိုင်ငံရဲ့ပြင်ပ) ကို ရောက်ရှိသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် Kuki Chief Association အဖွဲ့က နယ်နိမိတ်စဉ်းမျဉ်းပြန်လည်သတ်မှတ်ခြင်းနဲ့ ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်း မစတင်မှီ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအာဏာပိုင်များနဲ့ ကူကီးလူမျိုးစုခေါင်းဆောင်များ ပါဝင်တဲ့ ပူးတွဲမြေပြင်စစ်ဆေးမှု များပြုလုပ်ရန် တောင်းဆိုထားကြတာဖြစ်ပါတယ်။
ဒါ့အပြင် ခြံစည်းရိုးကာရံမှုလုပ်ငန်းဆောင်ရွက်ပါက ခြံစည်းရိုးအပြင်ဖက်ကို အိန္ဒိယ နိုင်ငံသားများ ပိုင်ဆိုင်တဲ့ ကူကီး ကျေးရွာ၊ လူနေအိမ်များနဲ့ စိုက်ပျိုးရေးမြေယာများ မြန်မာဘက်ခြမ်းပါဝင်သွားခြင်း မရှိစေရန် အစိုးရကိုတောင်းဆိုထားပါတယ်။
ဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ခြံစည်းရိုးကာရံမှုလုပ်ငန်းဆောင်ရွက်လာပါက ဒေသခံပြည်သူများရဲ့ ရပိုင်ခွင့်များနဲ့ အကျိုးစီးပွားများအတွက် အကာအကွယ်ပေးရန် အိန္ဒိယ ဝန်ကြီးချူပ်ထံကိုလည်း အသနားခံ တင်ပြထားတယ်လို့ အဲဒီဒေသသတင်းကဖော်ပြထားပါတယ်။
တဘက်မှာ အိန္ဒိယအစိုးရက ၂၀၂၅ခုနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံခြံစည်းရိုးကာရံမှုလုပ်ငန်း ဆောင်ရွက်ခဲ့ရာ နယ်စပ်မှတ်တိုင်အမှတ် (၈၂) နဲ့ (၈၃) ကြားတွင် မြန်မာဘက်ခြမ်းကို မီတာ ၆၀၀ခန့် နယ်မြေကျူးကျော် ဝင်ရောက်ကာရံခဲ့တာဖြစ်ပါတယ်။
သတင်း – Yongpithong
ပုံစာ – အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးအားတွေ့ရစဉ်။
ဓာတ်ပုံ – THE HILLS JOURNAL
ကိုးကား – THE HILLS JOURNAL













