ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လာမည်ဟု ကြေညာ

ဇွန် ၂၉၊ ၂၀၂၆
Zalen

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာဟာ လက်ရှိခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံမှတဆင့် ယခုနှစ်အတွင်း ၎င်းရဲ့ ဇာတိနိုင်ငံကို ပြန်လည်ဝင်ရောက်မယ်လို့ မနေ့ ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၇၈ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်းဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ကျောင်းသားတွေ ဦးဆောင်သော လူထုဆန္ဒပြမှုတွေကြောင့် ရာထူးမှ နုတ်ထွက်ပြီးနောက် အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။

Zalen ad

အိန္ဒိယအခြေစိုက် NDTV သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှိတ်ခ်ဟာဆီနာက ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုတွေနဲ့ ပတ်သက်၍ ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်တရားရုံးက မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတဲ့ အမိန့်နဲ့ ပတ်သက်၍ ၎င်းက အဆိုပါစီရင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း၊ နိုင်ငံရေးအရ လှုံ့ဆော်မှုသက်သက်သာဖြစ်ကြောင်းနဲ့ အခုလို စီရင်ချက်တွေကို လုံးဝမကြောက်ရွံ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မိမိအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၅ ကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သလို နိုင်ငံသမိုင်းမှာ မကြုံစဖူး တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ဟာဆီနာက ထည့်သွင်းပြောဆိုပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ မမှန်မကန် လုပ်ကြံစွပ်စွဲမှုတွေနဲ့ အတားအဆီးတွေ အားလုံးကို ကျော်လွှားပြီး ယခုနှစ်အတွင်း နိုင်ငံကို ပြန်လာမယ်ဖြစ်တယ်လို့ ၎င်းက အခိုင်အမာ ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တရားရုံးက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ရှိတ်ခ်ဟာဆီနာကို ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းဖို့ ညွှန်ကြားမှုနဲ့ အာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့ ပျက်ကွက်မှုတွေအတွက် ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ၎င်းဦးဆောင်ခဲ့တဲ့ အေဝါမီအဖွဲ့ချုပ်ပါတီကိုလည်း တရားမဝင်အသင်းအဖြစ် ကြေညာထားပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် တာရစ်ရာမန် တာဝန်ယူပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

ဒါပေမဲ့လည်း ရှိတ်ခ်ဟာဆီနာကို လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်ရဲ့ တောင်းဆိုမှုတွေကို အိန္ဒိယအစိုးရက အစဉ်တစိုက် ငြင်းဆိုထားတာကြောင့် နှစ်နိုင်ငံအကြား သံတမန်ရေးရာ ကိစ္စရပ်တွေမှာ တင်းမာမှုတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား-AFP
သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

စိုင်သွာလ်း(Saitual)ဒေသမှာ လူဝင်ခွင့်လက်မှတ် -ILP စစ်ဆေးရာ သက်တမ်းကုန်ခွင့်ပြုလက်မှတ် ကိုင်ဆောင်သူ ၂၀ ဦးတွေ့ရှိ

ဇွန် ၂၉ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ် စိုင်သွာလ်း (Saitual) ခရိုင်အတွင်း လူဝင်ခွင့်လက်မှတ် (Inner Line Permit – ILP) ကို မီဇိုလူငယ်အသင်း YMA က လိုက်လံစစ်ဆေးရာမှာ ...

ဆက်ဖတ်ရန်