ဇွန်၂၉ ၊ ၂၀၂၆
Zalen
မီဇိုရမ်ပြည်နယ်မှာ ၂၀၂၆ ခုနှစ်အစကနေ ဇွန် ၂၄ ရက်အထိ ခြောက်လနီးပါးအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်နွယ်ပြီး လူ ၂၆ ဦး သေဆုံးခဲ့သလို၊ အရက်သောက်သုံးမှုနဲ့ ဆက်နွယ်ပြီးလည်း လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ် ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဌာန ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဌာနရဲ့ အချက်အလက်တွေအရ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူ ၂၆ ဦးထဲမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။ အများစုဟာ ဟီရိုအင်း ဘိန်းဖြူနဲ့ အခြားမူးယစ်ဆေးတွေကို ရောစပ်သုံးစွဲရာက သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဌာန (Excise & Narcotics Department) က စာရင်းစတင်ကောက်ယူခဲ့တဲ့ ၁၉၈၄ ခုနှစ်ကနေ ဒီနှစ် ဇွန် ၂၄ ရက်အထိ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်ပြီး သေဆုံးသူ စုစုပေါင်း ၂,၀၂၃ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသား ၁,၇၇၆ ဦးနဲ့ အမျိုးသမီး ၂၄၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ဒီနှစ်အတွင်း အရက်သောက်သုံးမှုနဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၁၈ ဦး ရှိခဲ့ရာ Champhai ခရိုင်မှာ အများဆုံး ၈ ဦး သေဆုံးခဲ့ပါတယ်။ Lunglei နဲ့ Kolasib ခရိုင်တွေမှာ ၄ ဦးစီ သေဆုံးခဲ့ပြီး Khawzawl ခရိုင်မှာတော့ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဌာနရဲ့ မှတ်တမ်းတွေအရ ၂၀၁၄ ခုနှစ်ကနေ ဒီနှစ် ဇွန် ၁၂ ရက်အထိ အရက်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၂၅ ဦးရှိပြီး၊ အဲဒီထဲမှာ အမျိုးသား ၂၇၉ ဦးနဲ့ အမျိုးသမီး ၄၆ ဦး ပါဝင်ပါတယ်။
၂၀၂၅ ခုနှစ်ဟာ အရက်၊ အထူးသဖြင့် အရည်အသွေးမကောင်းတဲ့ အရက်သောက်သုံးမှုကြောင့် သေဆုံးသူ အများဆုံးနှစ်ဖြစ်ခဲ့ပြီး အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၉၄ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း အရက်ကြောင့် သေဆုံးသူ ၆၆ ဦးရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဒီနှစ် ဇန်နဝါရီလကနေ ဇွန် ၂၄ ရက်အထိ Excise & Narcotics Department က မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဟီရိုအင်း ၁၅.၁၁၇ ကီလိုဂရမ် ၊ မက်သမ်ဖက်တမင်း (Methamphetamine) ၆၂.၇၀၄ ကီလိုဂရမ်နဲ့ Crystal Meth ၉.၈၀၇ကီလိုဂရမ် တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့အပြင် ဆေးခြောက် ၁၂၈.၅၄၄ ကီလိုဂရမ်အပြင် ချောင်းဆိုးပျောက်ဆေးအမျိုးအစားတွေနဲ့ လူငယ်တွေ အလွဲသုံးစားပြုနေတဲ့ အခြားစိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း – Mickey












