
ဇွန် ၂၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ခန့် ထပ်ဖြည့်ပြီး ထန်တလန်တစ်မြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ထန်တလန်မြို့ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီက တစ်ဝက်စီထိန်းချုပ်ထားပြီး အကြမ်းဖက်စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်ရန်ကြိုးပမ်းလာလို့ဇွန်လလယ်ခန့်ကနေစပြီး တစ်ကျော့ပြန်တိုက်ပွဲ များပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်တပ်အသုံးပြုတဲ့ ဒရုန်းဗုံးတွေမှာ အဆိပ်လို့ယူဆရတာတွေပါလာ တယ်လို့သိရပြီး အဆိုပါ အဆိပ်ငွေ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ အော့အန်ခြင်း၊ မျက်လုံးများနီရဲခြင်း စတဲ့ လက္ခဏာတွေပြတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ထန်တလန်မြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်း ဇွန်လ ၂၀ ရက်နေ့မှာ CDF-Thantlang တပ်ဖွဲ့ဝင် ဆလိုင်းကျော်ဇင်ထက်၊ ၂၁ ရက်မှာ ဆလိုင်း ထောင်လျန်ထန်း နဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ဆလိုင်းဗျာတပ်လျန် တို့ ကျဆုံးခဲ့ကြသလို အခြားမဟာမိတ်တပ်ဘက်ကလည်း ထိခိုက် ကျဆုံးတာရှိတယ်လို့သိရပါတယ်။
အလားတူ အကြမ်းဖက်စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးများ ရှိပေမယ့် အရေအတွက်အတိအကျကိုတော့ မသိနိုင်သေးပါ။
ထန်တလန်မြို့တွင်း စစ်ရေးကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ရန် CDF-Thantlang တာဝန်ရှိသူကို ဆက်သွယ်ရန်ကြိုးပမ်းခဲ့ပေမယ့် ဖုန်းလိုင်းအဆင်မပြေမှုကြောင့် မဆက်သွယ်နိုင်သေးပါ။
သတင်း – Mickey






