မေ ၁၃၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ လေရှီးမြို့နယ်၊ Molnoi ကျေးရွာကို တန်ခူလ်းနာဂ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-IM အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
မေလ ၁၂ရက်နေ့က လေရှီးမြို့နယ်၊ ကူကီးကျေးရွာ Molnoi ကို တန်ခူလ်း နာဂ လက်နက်ကိုင် NSCN-IM အဖွဲ့က နယ်မြေကျူးကျော်ပြီး အခုလိုအကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

” တန်ခူလ်း နာဂ လက်နက်ကိုင်အဖွဲ့က ၁၂ရက်နေ့ ညနေပိုင်း ၂ နာရီလောက်ရွာထဲဝင်လာတာ။ အဲမှာရွာသားတွေကိုဖမ်းဆီး အိမ်တွေကို မီးရှို့တော့တာ။ အိမ်ခြေ ၂၀ထဲက ၁၃ အိမ်ကျော်မီးလောသွားတယ်။ ရွာသားတွေကိုပြန်လွတ်ပါတယ်။ အခုလုံခြံတဲ့နေရာမှာခိုလုံနေကြပါတယ်။” လို့ Molnoi ကျေးရွာ နေဒေသခံအမျိုးသားတဦးက Zalen ကိုပြောပါတယ်။
NSCN-IM အဖွဲ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြန်မာဘက်ခြမ်းကို ကျူးကျော်ကာ ကူကီးကျေးရွာကို ဝင်ရောက်ကာ ဒေသခံကျေးရွာသူ၊ သား များကို ဖမ်းဆီးပြီး ၎င်းတို့ရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။
“ယောက်ျားသားတွေတော့ ရွာမှာ လုံခြုံရေးယူထားပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကိုတော့ လုံခြုံတဲ့နေရာပို့ထားပါတယ်။ ပြန်လည်တည်ဆောက်ဖို့က အကူအညီအများကြီးလိုအပ်ပါတယ်။ ကျန်းမာရေး၊ အစားအသောက်ပိုင်းလည်း အခက်အခဲရှိလာနိုင်တယ် အဘက်ဘက်မှကူပေးကြဖို့လည်းပြောချင်ပါတယ်” လို့ အဲဒီဒေသခံက ထပ်ပြောပါတယ်။
အဲဒီလို တန်ခူလ်း လက်နက်ကိုင်များ နယ်မြေကျူးကျော်ပြီး ကူကီးကျေးရွာက အိမ်ခြေအများစုကို မီးရှိုဖျက်ဆီးခဲ့တာကြောင့် ဒေသခံကျေးရွာသားများဟာ ရေရှည်မှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
မြန်မာဘက်ခြမ်းက လေရှီးမြို့နယ်၊ Molnoi ကျေးရွာကို ၁၉၉၃ ခုနှစ် အိန္ဒိယ မဏိပူရ်ပြည်နယ်မှာ ကူကီးလူမျိုးစုနဲ့ နာဂ လူမျိုးစုကြား လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့စဉ်ကလည်း အဆိုပါ ကျေးရွာကို အိန္ဒိယ နာဂအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုနှစ် ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ဒုတိယအကြိမ် အိန္ဒိယ တန်ခူးလ်နာဂအဖွဲ့က နယ်စပ်ကျူးကျော်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
တန်ခူလ်းနာဂလက်နက်ကိုင် NSCN-IM အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူပေါင်းပြီး တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့လည်းသိရပါတယ်။
သတင်း – S-P
ပုံစာ – အိန္ဒိယ၊ တန်ခူးလ်နာဂလက်နက်ကိုင်များမီးရှို့ ဖျက်ဆီးခဲ့တဲ့ Molnoi ကျေးရွာအားတွေ့ရစဉ်
ဓာတ်ပုံ – ပေးပို့







