ချင်းနိုင်ငံရေး အတွေးအခေါ်နှင့် အယူအဆကြားက ပဋိပက္ခ

Khaisa

လက်ရှိ ချင်းနိုင်ငံရေးသမားများ၊ အမျိုးသားရေးသမားများတွင် အကြောင်းအရာ ၃ ခုအပေါ် အခြေခံ၍ သဘောထားကြီးမားစွာ ကွဲလွဲနေသည်ကိုအထင်းသား တွေ့မြင်နေရသည်။ အများအားဖြင့်လူကြီးပိုင်း ၇၀ ရာခိုင်နှုန်းနှင့် လူငယ်ပိုင်း ၃၀ ရာ ခိုင်နှုန်းက တစ်ဖွဲ့ဖြစ်ပြီး လူကြီးပိုင်း ၃၀ ရာခိုင်နှုန်းနှင့် လူငယ်ပိုင်း ၇၀ ရာခိုင်နှုန်း၏ အယူအဆနှင့် အတွေးအခေါ်ပိုင်း ပဋိပက္ခဖြစ်သည်။ ဤ ပဋိပက္ခ၌ပါဝင်သူများမှာ သက်ဆိုင်ရာအဖွဲ့အစည်း အသီး သီးတွင် ပါဝင်သူ (သို့) ဦးဆောင်နေသူများ ဖြစ်ကြသည်။ အခြေခံထားသော ပဋိပက္ခ အသွင်အပြင် ၃မျိုးကို တွေ့ရသည်။ 

၁။ ချင်းပြည်အစိုးရ ဖွဲ့စည်းခြင်း

၂။ ချင်းအမျိုးသားရေးတည်ဆောက်ပုံ

၃။ ရခိုင်အရေး တို့ဖြစ်သည်။

၁။ ချင်းပြည်အစိုးရ ဖွဲ့စည်းခြင်းအပေါ် အယူအဆ ချည်းကပ်တွေးခေါ်ပုံ၌ ချင်းလူထု၏ သဘောထားကို အကြမ်းအားဖြင့် စစ်တမ်းကောက်ယူကြည့်ပါက ၅၀/၅၀ ဖြစ် သည်ကို တွေ့ရမည်ဖြစ်သည်။

တော်လှန်ရေးကာလတွင် လက်ဦးမှုရယူပြီး ချင်းပြည်အစိုးရကို မဖြစ်မနေဖွဲ့စည်းရန် အထူး လိုအပ်ကြောင်း ယူဆသူများရှိကြသည်။ CNF/CNA ကိုဗဟိုပြုပြီး တည်ဆောက်ရမည်ဟုလည်း ခံယူထားကြသူများ ဖြစ်ကြသည်။ ချင်းပြည်ရှိ စကစ တပ်စခန်းများ အကုန်သိမ်းပိုက်ခြင်း ရှိခြင်း၊မရှိခြင်းကိုအလေးထားသူများမဟုတ်ကြပေ။ အကြောင်းမှာချင်းပြည်တွင် မြို့နယ်အခြေစိုက် စကစ စစ်စခန်းများကို ပလက်ဝမြို့နယ်အား ULA/AA မှ သိမ်းပိုက်ထိန်းချုပ်ခြင်းမှလွဲ၍ ကျန်ရှိသော မြို့နယ်အခြေချတပ်စခန်းတစ်ခုမျှ သိမ်းပိုက်နိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ 

နောက်တစ်ဖွဲ့၏ အယူအဆမှာ ချင်းပြည်ရှိ မြို့နယ်အခြေစိုက် စကစ တပ်စခန်းများကို ၇၀ ရာနှုန်းသိမ်းပိုက်ထိန်းချုပ်ပြီးမှသာ အလုံးစုံပါဝင်သောချင်းပြည်အစိုးရကို ဖွဲ့စည်းရန်လိုလားသော အစုအဖွဲ့ဖြစ်သည်။ ဤ အစုအဖွဲ့၏ ရည်မှန်းချက်မှာလည်း စစ်ရေးအင်အားသာလွန်မှုဖြင့် နိုင်ငံရေးကို လက် တွေ့ကျကျချည်းကပ် တည်ဆောက်ရေးပင် ဖြစ် သည်ကို တွေ့ရှိရသည်။ မြို့နယ်အခြေစိုက် စကစ တပ်စခန်းများ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ချင်း ပြည်အစိုးရ ဖွဲ့စည်းခြင်းသည် လက်တွေ့မကျသော အပေါ်ယံ ရွှေမှုံကြဲ နိုင်ငံရေးအင်အားတည်ဆောက်ခြင်းမျှသာဖြစ်ပြီး နစက အစိုးရအားနိုင်ငံရေးအရ ဘမ်းပြယှဉ်ပြိုင်ခြင်းမျှသာ ဖြစ်၏ဟူ၍ ယူဆသူများ ဖြစ်ကြသည်။

၂။ ချင်းအမျိုးသားရေးတည်ဆောက်ပုံကို ချည်းကပ်ယူဆရာတွင်လည်း သဘောထားအမြင် အယူအဆ ကွဲလွဲကြသည်ကို တွေ့မြင်ရပေသည်။ ပထမအုပ်စုသည် CNF/CNA ကို ဗဟိုပြုပြီး ချင်းအမျိုး သားရေးကို တည်ဆောက်ရန် လိုလားသော အစုအ ဖွဲ့အဖြင့် တွေ့မြင်နိုင်သည်။ ၎င်းတို့၏ နိုင်ငံရေး သဘောတရားများအားလုံးသည် CNF/CNA ၏ သြဇာခံမှုနှင့် ဗဟိုပြု ဦးဆောင်မှုကို အလေးထားခံယူကြသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် CNF/CNA၏ ဦးဆောင်ဖွဲ့စည်းသော ချင်းပြည်အစိုးရကို လက်ခံထားကြခြင်း ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ချင်းအမျိုးသားတည်ဆောက်ရေးတွင် မျိုးနွယ်စု (သို့)လူမျိုးစုကို အခြေခံခြင်းကို လက်ခံထားကြသော် လည်း CNF/CNA ၏ သဘောထားအမြင်၊ ခံယူချက်အတိုင်းသာဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလူမျိုးစု (သို့) မျိုးနွယ်စု၏ သဘောထားကို အလေးထားခြင်းမရှိသည်ကို တွေ့ရသည်။ 

နောက် အစုအဖွဲ့တစ်ခု၏ အယူအဆကို ချည်းကပ်လေ့လာဆန်းစစ်ကြည့်ပါက ပထမအုပ်စု၏ အယူအဆနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။ လူမျိုးစု၊ မျိုးနွယ်စုနှင့် မြို့နယ်အခြေပြုခြင်း နှစ်ခုစလုံးဖြင့်ချင်းအမျိုးသားရေးကို တည်ဆောက်ရန် ရောထွေးနေကြသည်ကို တွေ့ရသကဲ့သို့ CNF/CNA ဗဟိုပြုမှုကို လက်မခံကြကြောင်း တွေ့ရသည်။ မြို့နယ်အ လိုက်ဖြစ်စေ၊ လူမျိုးစု (သို့) မျိုးနွယ်စုဖြစ်စေ အ ခြေပြုပြီး CNF/CNA အနေဖြင့် ဒေသန္တရအဖွဲ့အ စည်းများကဲ့သို့ တန်းတူသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခု၏ ကိုယ်စားပြုမှုဖြင့်သာ ပါဝင်စေရန် သဘောထားခံယူချက်ရှိကြသည်ကို တွေ့မြင်နိုင်ပါသည်။ ချင်းပြည်အစိုးရကို ဖွဲ့စည်းရာတွင်လည်း အချိုးညီသော ကိုယ်စားပြုမှုနှင့် စုပေါင်းခေါင်းဆောင်မှုကို လိုလားသော အုပ်စုဟု သတ်မှတ်နိုင်သည်။ 

၃။ ရခိုင်အရေးနှင့်ပါတ်သက်၍ အယူအဆ ကွဲလွဲမှုမှာ အပြင်းထန်ဆုံးဖြစ်သည်ကို တွေ့မြင်ရသည်။ပထမအုပ်စုဝင်များ၏ အမြင်၊အယူအဆ၊ သဘော ထားခံယူချက်မှာ ULA/AA နှင့် မဟာမိတ်အဖြင့်ဆက် ဆံရေးကို အကြောက်အကန် ဆန့်ကျင်ကြသည်ကိုတွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် ပလက်ဝမြို့နယ်အရေးတွင် အခြေပြုထားကြသည်ကို တွေ့ရပြီး ဗမာနိုင်ငံရေးသမားများ၊ ဗမာလူမျိုးကြီးဝါဒီများ၊ စစ်အာဏာရှင်များ၏ ခေတ်အဆက်ဆက် ဝါဒမှိုင်းတိုက်မှုဘဝအိမ်မက်မှ နိုးထရန် ငြင်းဆန်နေသူများ၊ ကြောက်လန့်နေသူများ၊ ယုံကြည်လက်ခံနေသူများဖြစ်သည်ဟု သုံးသပ်ကြသည်။ ခေတ်ဟောင်း ၊ စနစ်ဟောင်း၊ ခေတ်နောက်ပြန်ဆွဲသည့်သဘောထားအမြင်များ ဆုပ်ကိုင်ထားကြဆဲ ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ရခိုင်လူမျိုးများအပေါ် သဘော ထားအမြင်မှာ ယခုထိတိုင် ပြောင်းလဲခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်က ပြောင်းလဲခြင်းမရှိကြ၍ ဖြစ်သည်ဟု ပြောင်းပြန်အချိုးချနိုင်၍ဖြစ်သည်။ ခေတ်ပြောင်းသကဲ့သို့ စနစ်ပြောင်းလာပြီး လူနေမှုဘဝများ၊ သဘောထားအမြင်များ၊ အကျင့်စရိုက်များ၊ လူ့သဘောသဘာဝများ ပြောင်းလဲနေသည်ကို သဘောမပေါက်ကြ သည်မှာ ထင်ရှားလှသည်။ ၎င်းတို့ ချင်းလူမျိုးများကိုယ်တိုင် ပြောင်းလဲနေသည်ကို သတိမမူကြသည့်သူများဟု ယူဆစရာရှိပါသည်။ ချင်းအမျိုးသားအကျိုးစီးပွား၊ မိတ်ဖက်ဆက်ဆံရေးအရေးကြီးပုံနှင့်ကမ္ဘာ့နိုင်ငံရေး၊ ဒေသတွင်းနိုင်ငံရေး၊ ပထဝီနိုင်ငံ ရေးတို့ကို သဘောပေါက်ဟန်မတူပေ။ အမြင်ကျဥ်းမြောင်းသော တရားသေ သဘောတရား သီဝရီကိုအသေဆုပ်ကိုင်ကြသည့်နှယ် ထင်မြင်ယူဆစရာဖြစ်ကြ၏။အရှင်းဆုံးပြောရပါမူ ရခိုင်လက်အောက် ၌ ကျရောက်သွားမည်ဟု ယုံကြည်နေကြသောသူ များ၊ ဗမာထက် ရခိုင်ကို ယုံကြည်ကြသူများဖြစ်ကြသည်ဟု ယူဆရသည်။

နောက် ဒုတိယအုပ်စု၏ သဘောထားအမြင်မှာ ခေတ်သစ်အယူအဆနှင့် သဘောတရားများကို လက်ခံသည့် အုပ်စုဖြစ်သည်။ အတူယှဥ်တွဲနေထိုင်ရေး၊ အိမ်နီးချင်းကောင်းပီသရေး၊ အကျိုးစီးပွားကိုအတူတကွ တည်ဆောက်ရေးနှင့်ကာကွယ်ရေး၊ အ ကျိုးတူပူးပေါင်းရေး၊ အပြန်အလှန်မှီခိုရေး၊ကိုယ့်အကျိုး သူ့အကျိုးမျှတစွာ ဆောင်ရွက်ရေးတို့ကိုလက်ဆုပ်လက်ကိုင်ပြု၍ ချည်းကပ်သည့် အုပ်စုဖြစ်သည်။ ULA/AA နှင့် မဖြစ်မနေမဟာမိတ်ဖွဲ့ ဆက်ဆံရေးသည် ချင်းအမျိုးသားရေးအင်အားကိုအကျိုးဖြစ်ထွန်းစေမည်ဟု လက်ခံယုံကြည်ထားကြသည်။ ရခိုင်လူမျိုးအပေါ် စာနာစိတ်ထားကြသည်။ ခေတ်သစ်အမြင်၊ မျိုးဆက်သစ်အမြင်ကိုအပြည့်အဝ ဆွဲကိုင်ကြသည်။အပြန်အလှန်လေးစားမှုကို လက်ကိုင်ပြုကြသည်။ လက်တွေ့ကျသော ချင်းအမျိုးသားတည်ဆောက်ရေးလမ်းကြောင်းကိုသိရှိသဘောပေါက်သူများဟု ကောက်ချက်ချနိုင် သည်။ ရခိုင်၏ အုပ်ချုပ်မှုသြဇာအောက်၌ မကျရောက်နိုင်ဟု အခိုင်အမာ ယုံကြည်ထားသူများဖြစ်ကြသည်။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိသော အစုအဖွဲ့ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရဲသော အုပ်စုဟု သတ်မှတ်နိုင်သည်။ ပလက်ဝအရေးကို သံသမန်နည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ ချစ်ကြည်ဆက်ဆံရေးနည်းလမ်းများဖြင့် အချိန်အခါသင့်မှ ဖြေရှင်းရန် လိုလားသော အ စုအဖွဲ့ဖြစ်သည်။ အချိန်အခါ ၊ အခြေအနေ၊ အ နေအထားကို ကြည့်ပြီး လက်တွေ့ကျမှုကို လက်ခံ၍လက်တွေ့ကျသော အနေအထားပေါ်တွင် အခြေပြုချည်းကပ်ဆောင်ရွက်ရန် ယူဆထားသည့် အုပ်စုဟုသတ်မှတ်နိုင်သည်။ 

နိုင်ငံရေးသည် အကျိုးစီးပွားကို ရှာဖွေ၊ တည် ဆောက်၊ ကာကွယ်ရသော လုပ်ငန်းဖြစ်သည်။ဤသည်မှာလည်း အမျိုးသားရေးဖြစ်သကဲ့သို့ အ မျိုးသားအကျိုးစီးပွားဟု ခေါ်ခြင်းမည်၏။ နိုင်ငံရေးကို ဖော်ဆောင်ရာတွင် အပေးအယူဖြင့်သာဖော်ဆောင်ကြပေသည်။ အလကားဟူသည် မရှိလှပေ။ နိုင်ငံရေးအကျိုးအလို့ငြာ ဆက်ဆံရေးများ ထူထောင်ကြရ၏။ ချည်းကပ်ကြရ၏။ ကိုယ့်အကျိုး ဆောင်လိုပါက သူ့အကျိုးအား နားလည်ပေးရ၏။ထိုမှတဆင့် အပြန်အလှန်ယုံကြည်မှုခိုင်မာလာသောအခါ၌ကား အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ကြ၍ ကြီးပွားတိုးတက်ကြကုန်၏။

အပြန်အလှန်ယုံကြည်လေးစားမှုသည် ကြီးပွားတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏။ ကြီးပွားတိုးတက်မှ အမျိုးသားအကျိုးစီးပွား တိုးတက်၏။ ခိုင်မာစေ၏။ ဂုဏ်ရှိစေ၏။ ဝံ့ကြွားစေ၏။ ယခု မျက် မှောက်ခေတ်ကာလ ကမ္ဘာ့နိုင်ငံရေးသည် အကျိုး စီးပွားများ အပြန်လှန်ဆက်နွယ်ကုန်ကြသည်ကို မမေ့အပ်ပါပေ။ 

စဥ်းစားတွေးတောကြပါကုန်။

Khaisa

7th march 2024 on Thu @10:12Am(In)

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်