
ဇွန် ၁၂၊ ၂၀၂၆
Zalen
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းစနစ်အရှိန်ကြောင့် လာမယ့် ဇွန်လ ၁၄ ရက်ကနေ ၁၈ ရက်အထိ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေနဲ့အတူ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားနေလို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦး၀င်းနိုင်က ပြောပါတယ်။
မိုးလေဝသခန့်မှန်းချက် အချက်အလက်တွေအရ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေတွေဟာ တစ်နာရီကို မိုင် ၄၀ ကနေ ၄၆ မိုင်အထိ အားကောင်းစွာ တိုက်ခတ်မှာဖြစ်ပြီး၊ အဲဒီမုတ်သုံလေစီးကြောင်းက ရခိုင်ကမ်းရိုးတန်းဆီ တိုက်ရိုက်ဦးတည်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဝဲလေစီးကြောင်းလည်ပတ်မှု ပိုမိုထင်ရှားလာပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း (စစ်တွေ၊ မောင်တော) ဒေသတွေဆီ လေဆုံချက် ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ပင်လယ်ပြင်မှာ လေဖိအားနည်းဆဲလ်တစ်ခု သိသာစွာ စတင်အခြေတည်လာမှာဖြစ်လို့ စိုစွတ်တဲ့လေထုဟာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့ဆီ ပိုမိုတွန်းတင်ခံရပြီး တောင်တန်းဒေသတွေရဲ့ မိုးမတင်လှုပ်ရှားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိနေပါတယ်။
အဆိုပါ လေဖိအားနည်းစနစ်ဟာ ဇွန်လ ၁၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ (ရခိုင်မြောက်ပိုင်း) နယ်စပ်ကမ်းခြေဒေသတွေဆီ ပိုပြီးကပ်လာမှာဖြစ်ကာ၊ ဇွန်လ ၁၈ ရက်နေ့မှာတော့ အားကောင်းတဲ့ ကုန်းတွင်းမုန်တိုင်းငယ်အဆင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ဆီ ဖြတ်ကျော်ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။
လေဖိအားနည်းဆဲလ်ရဲ့ ဗဟိုက မြန်မာနိုင်ငံပြင်ပကို ရွေ့လျားသွားမှာဖြစ်ပေမယ့် ၎င်းရဲ့ ညာဘက်ခြမ်းအဖျား (Right-Quadrant) မှာ ကျရောက်နေတဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း (စစ်ကိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်) နဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ အားကောင်းတဲ့ မုတ်သုံလေတွန်းအားကြောင့် မိုးဆက်လက်သည်းထန်နေမှာ ဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေဟာ အဲဒီလေဖိအားနည်းစနစ်ကြောင့် ဘေးအန္တရာယ်အရှိဆုံး ဇုန်အတွင်း ကျရောက်နေပါတယ်။
ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်အတွင်း ကမ်းရိုးတန်းမှာ လေပြင်းတိုက်ခတ်မှုနှုန်းဟာ တစ်နာရီကို မိုင် ၄၀ အထိ မြင့်တက်နိုင်ပြီး မိုးရေချိန် အလွန်မြင့်မားစွာ ဆက်တိုက်ရွာသွန်းနိုင်လို့ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ ဘေးအန္တရာယ်တွေအတွက် အထူးသတိပြုဖို့ လိုအပ်ပါတယ်။
လှိုင်းကြီးနိုင်တဲ့ ဘေးအန္တရာယ်ကြောင့် ကမ်းလွန်၊ ကမ်းနီး ရေလုပ်ငန်းတွေနဲ့ သင်္ဘောလိုင်းတွေအနေနဲ့ ဇွန် ၁၄ ရက်ကနေ ၁၈ ရက်အတွင်း ပင်လယ်ပြင်ခရီးသွားလာမှုကို လုံးဝရှောင်ရှားသင့်ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ လေဖိအားနည်းစနစ် ကုန်းတွင်းပိုင်းကို ရွေ့လျားလာမှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တောင်ကျချောင်းရေ ပြင်းထန်စွာ ကျဆင်းလာနိုင်ပြီး မြစ်ဖျားပိုင်း ရေမျက်နှာပြင်တွေ ရုတ်တရက် မြင့်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။
တစ်ချိန်တည်းမှာပဲ ရန်ကုန်နဲ့ ဧရာဝတီအပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း မုတ်သုံလေ အားကောင်းစွာစီးဝင်မှုကြောင့် မိုးရွာသွန်းမှုရက် ဆက်တိုက်ဖြစ်ပေါ်မှာဖြစ်ပြီး၊ ဒီရေတက်ချိန်နဲ့ ကြုံဆုံရင် မြို့ပြရေဝပ်တာ နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မြစ်ရေ/ချောင်းရေနဲ့ လယ်ကွင်းတွေ ရေလျှံတာမျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။
အခုဖြစ်ပေါ်မယ့် လေဖိအားနည်းစနစ်ဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာရှိတဲ့ ကယ်ဆယ်ရေးနဲ့ အရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့တွေအနေနဲ့ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ သတိပေးချက်တွေကို ပြည်သူလူထုထံ ကြိုတင်ဖြန့်ဝေထားဖို့၊ ရေဘေးလွတ်ရာကို အဆင်သင့်ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေကို အမြန်ဆုံး အကောင်အထည်ဖော်ထားသင့်ကြောင်း မိုးလေဝသပညာရှင်တွေက သုံးသပ်ထားပါတယ်။
Mary











