ချင်းလူမျိုးဖြစ်ပါလျက် လူမျိုးအမည်တွင် ဗမာ လို့ရေးထားတဲ့မှတ်ပုံတင်တွေ ပြန်ပြင်ပေးရန် လ.ဝ.ကသို့တင်ပြမယ်

မကွေးတိုင်းဒေသကြီး ယောနယ်တောင်တန်းဒေသ မြို့နယ် (၄)မြို့နယ်မှာနေထိုင်တဲ့ ချင်းလူမျိုး တစ်သောင်းခန့်ဟာ ၎င်းတို့မှတ်ပုံတင်တွင် ဗမာ လို့ရေးထားတာကြောင့် ပြန်ပြင်ပေးရန် သက်ဆိုင်ရာမြို့နယ် လ.ဝ.ကရုံးသို့ပြန်လည်ပြင်ဆင်ဖို့ လျှောက်ထားမယ်လို့သတင်းရရှိပါတယ်။

ယင်းကိစ္စအတွက် ကိုယ်ထူကိုယ်ထနဲ့ ဆလိုင်းကျဲအိုဘိတ်ထောင်းဟာ ဇန်နဝါရီလ (၄)ရက်ကနေ (၁၃)ရက်ထိ ဂန့်ဂေါမြို့နယ် ကျေးရွာ (၁၉)ရွာသို့သွားရောက်ပြီး ဒေသခံချင်းလူမျိုးများကိုသွားရောက်စည်းရုံးခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးတွင် ချင်းလူမျိုး တစ်သိန်းခန့်နေထိုင်ပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါးလည်းရှိပါတယ်။

ဆလိုင်းကျဲအိုဘိတ်ထောင်းက “ယောတောင်တန်းနယ်တစ်လျှောက်မှာ ချင်းလူမျိုး လေးငါးသောင်းလောက်ရှိပါတယ်။ အဓိက ဒီကိစ္စကိုဆောင်ရွက်ဖို့ မြို့ပေါ်မှာ ကော်မတီတွေဖွဲ့တယ်၊ တချို့မှာ ရှိပြီးသား ချင်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေကိုတာဝန်ပေးထားတယ်။ မှတ်ပုံတင်မှာ လူမျိုးအမည်အမှန်ပြန်ပြင်ဖို့ လျှောက်လွှာ သောင်းဂဏန်းလောက်ဖြန့်ထားတယ်။ အနည်းဆုံး ၃ ထောင်၊ ၅ ထောင်ကြားတော့ လ.ဝ.က မှာတင်ပြနိုင်မယ်လို့မျှော်လင့်ထားတယ်။ လာမယ့် သင်္ကြန်မတိုင်ခင် လ.ဝ.က ရုံးမှာတင်ပြနိုင်ဖို့ စီမံချက်ဆွဲထားတယ်။ အခု ခရီးစဉ်မှာ ကျနော်တို့ လက်လှမ်းမမှီတဲ့ရွာတွေ၊ ချင်းလို့မခံယူတော့တဲ့ရွာလည်းရှိတယ်။ တချို့က ချင်းဖြစ်မှန်းမသိတော့တဲ့သူတွေလည်းရှိတယ်။ သောင်းဂဏ်န်းလောက်ရှိတဲ့ ချင်းတွေက သူတို့မှတ်ပုံတင်မှာ ဗမာလို့ရေးထားတယ်” လို့ပြောပါတယ်။

ဖခင်ရဲ့ မှတ်ပုံတင် လူမျိုးအမည်တွင် ချင်းဖြစ်ပြီး ၎င်းရဲ့သားမှတ်ပုံတင် လူမျိုးအမည်တွင် ဗမာလို့ရေးထားတာတွေလည်းတွေ့ရပါတယ်။

ဆက်လက်ပြီး ဆလိုင်းကျဲအိုဘိတ်ထောင်းက “ဒါကို အစိုးရယန္တရားနဲ့ဆောင်ရွက်သင့်တယ်။ အဓိက မကွေးတိုင်း ချင်းရေးရာဝန်ကြီးက ပိုပြီးတာဝန်ရှိတယ်။ သူ့ကို အားမရဘူး။ ဒေသခံတွေက ဒီလိုပြောင်းတာ အရေးယူခံရမလာလို့ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေရှိနေသေးတယ်။ လူမျိုးအမည်အမှန်ဆောင်ရွက်တာက ဥပဒေချိုးဖောက်တာမဟုတ်ဘူးလေ။ အစိုးရကလည်း တရားဝင် အချိန်မရွေးလာပြောင်းနိုင်တယ်လို့ ကြေညာသင့်တယ်။ လ.ဝ.က ကိုယ်တိုင် ရွာတွေသွားပြီးပြောင်းပေးသင့်တယ်။ ဒီလိုဖြစ်ရတာက အစိုးရအဆက်ဆက်ရဲ့ အမှားပေါ့လေ။ အဓိကတော့ လ.ဝ.က ရဲ့ပေါ့ဆမှုကြောင့်လို့ပြောကြတယ်။ ကျနော်ကတော့ ပေါ့ဆမှုလို့မယူဆဘူး။ လူမျိုး ဝါးမျိုရေးအစီအစဉ်ပဲ။ ပေါ့ဆမှုဆိုရင် ဘာကြောင့် ဗမာတစ်ယောက်ကို ချင်းလို့မှတ်ပုံတင်မှာ ရေးဖူးလာ။ ဒါက hidden agenda ပေါ့။ မြေပြန့်ချင်းတွေက သိမ်ငယ်စိတ်တွေဝင်နေကြတယ်။ ချင်းဖြစ်ခြင်းကို သိမ်ငယ် ရှက်နေတယ်။ ဒါကြောင့် မှတ်ပုံတင်မှာ ချင်းမခံယူတော့ဘဲ ဗမာ ဖြစ်သွားတာပေါ့။ ဒါပေမယ့် အနည်းစုပါ” လို့ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေဟာ ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် ပြန့်နှံ့နေထိုင်ကြပါတယ်။

ဆလိုင်းကျဲအိုဘိတ်ထောင်းက “ကျနော်တို့က တိဘက်တိုဘာမားတွေကိုး။ မျက်နှာသွင်ပြင်ကအစ တော်တော်တူနေကြတော့ ချင်းဖြစ်ရင်တောင် ဗမာစကားကို ဗမာလိုကျွမ်းကျင်ရင် အလွယ်တကူနဲ့ ချင်းဖြစ်ခြင်းကိုဖျောက်လို့ရတယ်။ ချင်းထဲကနေ ဗမာဖြစ်သွားတာ သိန်းဂဏန်းလောက်ရှိတယ်။ ဗမာတောထဲမှာပျောက်သွားတယ်။ မြန်မာမှာ ချင်းက ၁၂ လောက်ရှိတယ်လို့ယူဆ။ ပျောက်သွားတဲ့ချင်းတွေပြန်ရှာနိုင်ရင် ချင်းပိုများမယ်။ ဒီမိုကရေစီခေတ်မှာ လူဦးရေက အဓိကကျတာကိုး။ ဘာနစ်နာတာလဲဆိုရင် ချင်းအမျိုးသားနိုင်ငံရေးက ချီနဲ့သွားတာပေါ့။ ချင်းတွေနစ်နာတယ်။ ခုက ကိုယ်တစ်ပိုင်း ဝါးမျိုခြင်းခံရပြီလေ။ ဒုကတော့ ဥပဒေရှုထောင့်၊ လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် UN ကြေညာစာတမ်းလိုဆိုရင် ကိုယ့်ဟာကိုယ် ဘာလူမျိုးဖြစ်လဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရှိတယ်။ ခုတော့ လ.ဝ.က ကဆုံးဖြတ်ပေးသွားတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်