ခွင့်ပြုချက်မရှိဘဲ ဘုရားကျောင်း၊ ဗလီ၊ အိမ်၊ စာသင်ကျောင်း နဲ့အခြားအဆောက်အဦးတွင်ဝတ်ပြုဆုတောင်းရင် အရေးယူမယ်လို့ဆို


https://www.facebook.com/naturegreenhill/

ခွင့်ပြုချက်မရှိဘဲ ဘုရားကျောင်း၊ ဗလီ၊ အိမ်၊ စာသင်ကျောင်း နဲ့အခြားအဆောက်အဦးတွင်ဝတ်ပြုဆုတောင်းရင် အရေးယူမယ်လို့ဆို

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ဘာသာရေးကျောင်းနဲ့ လူနေအိမ်၊ စာသင်ကျောင်းနဲ့ အခြားအဆောက်အဦးတွင်စုပေါင်းဆုတောင်းပွဲမပြုလုပ်ဖို့ ဇွန်လ (၂၁)ရက်တွင် မြို့နယ် သာသနာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။

ယင်းစာကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် မေလ (၁၆)ရက်စွဲပါ စာအမှတ်၊ ၂၀၀/(အထွေထွေ)၊ သတပ – ၂/၂၀၁၈ အရ အရထုတ်ပြန်ထားတယ်လို့သိရပါတယ်။

ထုတ်ပြန်ချက်စာထဲတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ အခြားအဆောက်အဦးများ၌ စုပေါင်းဆုတောင်းပွဲပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးများဆောက်လုပ်၍ ကျမ်းစာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်း၊ ဗလီစသည့် ဘာသာရေးအဆောက်အဦးအဖြစ် သုံးစွဲခွင့်မပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်သွားရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာမှုအပေါ် လိပ်မူပါသက်ဆိုင်ရာ အသင်းတော်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားပါသည်လို့ဖော်ပြထားပါတယ်။

နန်းယွန်းမြို့နယ်ဟာ အများဆုံး ခရစ်ယာန်ဘာသာယုံကြည်တဲ့ နာဂတိုင်းရင်းသားတွေနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။

နာဂကျောင်းသားနဲ့လူငယ်များအဖွ့ဲချုပ် အကြံပေးပုဂ္ဂိုလ် နန်းယွန်းမြို့ဒေသခံ ကိုတော့ရိန်က “ထုတ်ပြန်ချက်ပေါ်အရေးတယူလုပ်မလဲဆိုတာလည်းရှိ။ ဖိဖိစီးစီးမလုပ်ရင် အောက်ခြေမှာဘာမှပြဿနာမဖြစ်လာနိုင်ဘူး။ မဟုတ်ရင်တော့ ပြဿနာတွေရှိမယ်။ နေအိမ်တို့ပါတာက ပြဿနာဖြစ်တာ။ အသင်းတော်ရဲ့တာဝန်က ဘာသာရေးအပြင် လူမှုရေးအထိတာဝန်ရှိတယ်။ ဒါကြောင့် နေအိမ်တွေမှာ ဆုတောင်းပေးတာ၊ ဝတ်ပြုပေးတာတွေရှိတယ်။ လူနေအိမ်တွေပါလာတာတော့ သိပ်အဆင်မပြေဘူး” လို့ပြောပါတယ်။

နန်းယွန်းမြို့နယ်၊ မြို့နယ်သာသနာရေးမှူးရုံး ဦးစီးအရာရှိ၊ ဦးကျော်ကျော်ထက်က “ဘာကြောင့်ထုတ်ပြန်ရတာလဲဆိုရင် ကျနော်တို့ဝန်ကြီးဌာနကနေ ညွှန်ကြားချက်ရှိပါတယ်ဗျ။ အဲ့ညွှန်ကြားချက်ကို ဒီကလူတွေလည်းသိအောင်ပြန်ကြားပေးတာပါ။ ကျနော်က ဘယ်ဘာသာရယ်လို့မဟုတ်ဘာဘူး။ ဘာသာပေါင်းစုံသိအောင်ပြန်ကြားတဲ့သဘောပါပဲ။ ဒီစာ ဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်တဲ့တွက် ဘယ်နေရာမှာဖြစ်ဖြစ်အကျုံးဝင်တယ်လေ။ ဘာပဲလုပ်လုပ်ဥပဒေဘောင်ထဲကနေလုပ်ရင်တော့ပိုကောင်းတာပေါ့ဗျာ။ ဘုရားကျောင်းမှာပဲ ဝတ်ပြုခွင့်ရှိပါတယ်။ တခြားနေရာမှာ ဝတ်ပြုခွင့်မရှိဘူးပေါ့” လို့ပြောပါတယ်။

၂၀၁၈ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးစာရင်းအရ နန်းယွန်းမြို့နယ်တွင် လူဦးရေ ၅၅,၆၁၁ ရှိပြီး ခရစ်ယာန်ဘာသာဝင် (၄၉၆၂၆)၊ ဗုဒ္ဓဘာသာဝင် (၆၅၀၈)၊ အစ္စလာမ်ဘာသာဝင် ၄ ဦးရှိပါတယ်။ ဘာသာရေးအဆောက်အဦးတွေကတော့ စေတီ (၈)ဆူ၊ ဘုန်းကြီးကျောင်း (၁၂)ကျောင်း၊ ဓမ္မရုံ (၂) ရုံ ရှိပြီး ခရစ်ယာန်ဘာသာနဲ့ပတ်သက်တဲ့ အဆောက်အဦး (၁၁၀) ရှိပါတယ်။

နာဂအမျိုးသားပါတီ ဥက္ကဌ ကိုရှုမောင်က “ခရစ်ယာန်ကိုရည်ညွှန်းတဲ့စာဆိုတာထင်ရှားတယ်။ ခရစ်ယာန်ဘာသာမှာ ဝတ်ပြုတာအမျိုးမျိုးရှိတယ်။ အိမ်ထောင်စုမှာဝတ်ပြုတာရှိတယ်၊ သာရေးနာရေးကြောင့် ဝတ်ပြုတာလည်းရှိတယ်။ နောက်ဆုံးသချိုင်းကုန်းမှာ ဝတ်ပြုတာရှိတယ်။ အဲ့ဒါလည်း ပိတ်တဲ့သဘောဖြစ်တယ်။ ဘာတွေရိုက်ခတ်မှုရှိလာနိုင်မလဲဆိုတော့ ပြည်သူနဲ့ အစိုးရကြား နားလည်မှုလွဲတဲ့ပွတ်တိုက်မှုဖြစ်နိုင်တယ်။ အရင်လို ဘာသာရေးဖိနှိပ်မှုတွေရှိလာနိုင်တယ်။ ၂၀၁၈ တုန်းက ဦးစီးမှူးအဟောင်းက ထုတ်ပြန်ခဲ့ဖူးတယ်။ အဲ့တုန်းကဘာမှပြဿနာမရှိဘူး။ ခုလည်းဘာမှပြဿနာမရှိတဲ့နေရာမှာ ဒီစာထုတ်ခြင်းအားဖြစ် ခရစ်ယာန်ဝင်အနေနဲ့ ဒီဝါဒမျိုးရှိပါလာဆိုတဲ့ ခံစားချက်သတိပြန်ပြန်ပေးသလိုမျိုးဖြစ်တော့ မကောင်းဘူးပေါ့။ သံသယတွေကြီးထွားစေတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်