ရက္ခိုင်စစ်တပ်ထဲတွင် ချင်းလူမျိုး ၂၀၀ ကျော်စစ်မှုထမ်းနေတယ်လို့ဆို

ရက္ခိုင်တပ်မတော်ထဲတွင် ချင်းလူမျိုး (၂၀၀)ကျော် စစ်မှုထမ်းနေတယ်လို့ ရက္ခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းထောက် မနန်းလွင်နှင်းပွင့်နဲ့ တွေ့ဆုံမေးမြန်းရာတွင်ထည့်သွင်းပြောကြားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျနော်တို့ ရက္ခိုင့်တပ်မတော်ထဲမှာ ရခိုင်ပြီးရင် ချင်းလူမျိုးက ဒုတိယ အများဆုံးလို့ ပြောလို့ ရတယ်။ အဓိက ကိုယ်ပိုင် ရပ်တည်ချက်နဲ့ တာဝန် သိစိတ်ကိုပဲ အခြေခံပြီး စည်းရုံးရေး လုပ်တာပါ။ ကျနော်တို့ ပြောပြပါတယ်။ ချင်းတွေရော ခူမီးလူမျိုးတွေရော ရှိပါတယ်။ ကျနော်တို့ ပြောပြတာက ငါတို့ အရင်က ရက္ခိုင်နိုင်ငံတော်ကို အတူတူ တည်ထောင်ခဲ့ကြတယ်။ ရက္ခိုင်နိုင်ငံတော်ကို ခင်ဗျားတို့ ကျနော်တို့က အတူတူ ပိုင်ဆိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီနိုင်ငံကို ပိုင်ဆိုင်ခဲ့တဲ့ အတွက် အခွင့်အရေးတွေကို ငါတို့ တန်းတူ ရသင့်တယ်။ ဒီအခွင့်အရေး တွေကို တန်းတူရဖို့ ဆိုရင် ငါတို့ တာဝန်တွေကိုလည်း အတူတူယူရမယ်။ အတူတူ ကာကွယ်ပြီး အတူတူနေထိုင်ရအောင် ဆိုတဲ့ သဘောတရားကို အခြေခံပြီး စည်းရုံးတယ်။ အခုချိန်ဆို သူတို့ တော်တော် ပါပါတယ်။ ရာဂဏန်းအထက်တော့ ရှိတယ်။ ၂၀၀ ကျော် ရှိပါပြီ။ နောက်လည်း အများကြီး ပူးပေါင်း ပါဝင်လာဖို့ မျှော်လင့် ထားတယ်” လို့ပြောပါတယ်။

ဆက်လက်ပြီး “ကျနော်တို့ တော်လှန်ရေးတပ် ဆိုတာကတော့ သူပုန်တပ်ဆိုတော့ ရာထူးတွေကို အများကြီး မြှောက်စားတဲ့ ကြယ် ပွင့်တွေနဲ့ တဝင့်ဝင့်တကားကားတော့ မဟုတ်ဘူး။ သူ(အေအေတပ်ဖွဲ့ထဲက ချင်းစစ်သား)က တပ်ခွဲကို ဦးဆောင် နိုင်တယ်ဆိုရင် သူ့ကို တပ်ခွဲကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခိုင်းတာပေါ့။ တပ်မဟာမှူးတွေ အဆင့်တွေမှာတော့ မရှိသေးဘူး။ ဒါကလည်း သူ့ရဲ့စစ်မှုထမ်း သက်တမ်းရယ် သူ့ရဲ့လုပ်ရည်ကိုင်ရည် ပေါ်မှာပဲ မူတည်တယ်။ လူမျိုးစု အလိုက် စစ်တပ်မှာ ဘယ်လူမျိုးစုကို ဘယ်ရာ ထူးပေးမယ်ဆိုတဲ့ ကြောင်တောင်တောင် အတွေးအခေါ်တော့ ကျနော်တို့ မလုပ်ဘူး။ တကယ်လို့ ခူမီးလူမျိုးက အရည်အချင်း ရှိတယ်ဆိုရင် သူ့ကို တပ်မမှူးလည်း ပေးရင် ပေးမှာပဲ။ သူတကယ် အရည်အချင်းဖြစ်ရင် သူလည်း ဦးစီးချုပ် ဖြစ်လာမှာပဲ။ ရခိုင် အမျိုးသမီး သို့မဟုတ် ကမန် အမျိုးသမီးပေါ့။ သူလည်း အရည်အချင်း ရှိရင် ဗိုလ်မှူးကြီး ဖြစ်ရင် ဖြစ်မှာပဲ။ လူတယောက် ချင်း စွမ်းဆောင်ရည်ပေါ် မူတည်ပါတယ်။ လူမျိုးစု အလိုက်တော့ ရာထူးပေး လို့မဖြစ်ပါဘူး”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းသို့ ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်