အိန္ဒိယ-မြန်မာနယ်စပ်တွင် ငလျင်လှုပ်တာကြောင့် နေအိမ် (၁၀)လုံးကျော် နံရံအက်ကွဲမှုဖြစ်ပွား

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ရဲ့ တစ်ဖက်ကမ်း ဇိုခေါ်သာရ်ကျေးရွာအနီးတွင် ဒီမနက်က အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်တာကြောင့် ရိခေါ်ဒါရ်နဲ့ ဇိုခေါ်သာရ်တွင် လူနေအိမ် (၁၀)လုံးကျော် အနည်းငယ်ပျက်စီးကြတယ်လို့သတင်းရရှိပါတယ်။

ဒီမနက် (ဇွန် ၂၂) နံနက် နံနက် ၅နာရီ ၁၀ မိနစ်အချိန် အိန္ဒိယဘက်ခြမ်းတွင် အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအားရစ်(ခ်)တာစကေး (၅.၉)အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားပါတယ်။

ဒါကြောင့် ရိခေါ်ဒါရ်မြို့တွင် ဌာနဆိုင်ရာအဆောက်အအုံး ၂ လုံး၊ လူနေအိမ် ၃ လုံးဟာ နံရံအက်ကွဲခြင်း၊ မျက်နှာကျက်များပြိုကျခဲ့ပေမယ့် လူသူထိခိုက်တာမရှိဘူးလို့သိရပါတယ်။

Photo: Iprd Rihkhawdar

ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင့်လမ့်ခိုင်က ” လူနေအိမ်ထိခိုက်တာ ဆိုးဆိုးရွားရွားကြီးတော့မရှိဘူး။ လူတွေပြောင်းရွေ့ဖို့လိုလောက်အောင်ပျက်စီးတာလဲမရှိဘူး။ မနက်ပိုင်း အိပ်ယာမထခင်လေးဆိုတော့ လူတွေက တော်တော်ကြောက်လန့်ကြတာပေါ့။ ဟိုဘက်ကမ်း အိန္ဒိဘက်ခြမ်း ဇိုခေါ်သာရ်မှာတော့ ဒီဘက်ထက်ပိုဆိုးတယ်လို့ပြောကြတယ်။ ဟိုဘက်မှာဆိုရင် အဆောက်အအုံး (၁၀)လုံးလောက်ထိခိုက်တယ်လို့ကနဦးသတင်းကြားထားတယ်” လို့ပြောပါတယ်။

ဇိုခေါ်သာရ်ကျေးရွာတွင် ခရစ်ယာန်ဘာသာရေးအဆောက်အအုံအချို့လည်းအနည်းငယ်ပျက်စီးသွားတယ်လို့သိရပါတယ်။

ရိခေါ်ဒါရ်မြို့ မီးသတ်နယ်မြေစခန်းမှူးက “ထိခိုက်ပျက်စီးမှုအဆိုးဆုံးက ဦးထန်းအောင်ရဲ့အိမ်ပဲဖြစ်မယ်။ ဒါပေမယ့် လူနေထိုင်ဖို့မသင့်တော်လောက်အောင်ပျက်စီးတာတော့မဟုတ်ဘူး။ ပြန်ပြင်လို့ရမယ့်အခြေအနေပါ” လို့ပြောပါတယ်။

အဆိုပါ ‌မြေငလျင်လှုပ်ခတ်မှုကြောင့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိပြည်ထောင်စုရိပ်သာ မျက်နှာကျက်အက်ကွဲကွာကျပျက်စီးမှု၊ ပြန်ကြာရေးနှင့်ပြည့်သူ့ဆက်ဆံ‌ ရေးဌာန ရုံးအဆောက်‌အဦး အရှေ့မျက်နှာစာ နံရံများအက်ကွဲကွာကျပျက်စီးမှု၊ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးထန်းအောင် နေအိမ် နှစ်ထပ် တိုက် ပင်မဆောင်နဲ့ကပ်လျက်တွင်ရှိသော ဝရံတာ၊ မီးဖိုဆောင်၊ ပန်းတင်ခုံများ အက်ကွဲပျက်စီးမှု၊ ဒေါ်ဇွန်ကိမ်းရဲ့ နေအိမ် တစ်ထပ်တိုက် အတွင်းအိပ်ခန်းနံရံ၊ မီးဖိုချောင်၊ မီးဖိုခန်းလှေခါးအိမ်များအက်ကွဲပျက်စီးမှု၊ ဦးငွန်နယ်ကျဲအိုရဲ့နေအိမ် နှစ်ထပ်တိုက် ဆောက်လုပ်ဆဲအတွင်းနံရံများအက်ကွဲပျက်စီးခဲ့တယ်လို့ ရိခေါ်ဒါရ်ပြန်၊ဆက်ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်