အိုဘယ့်ချင်းပြည်အပိုင်း (၂) 

Khaisa ရေးသည်။

CJDC ဖွဲ့စည်းမှုနှင့် ချင်းအမျိုးသားကာကွယ်ရေး 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁) ရက်နေ့ ၊ မင်းအောင်လှိုင်နှင့် ဗမာ့အကြမ်းဖက်စစ်တပ်မှ စစ်တပ်အကျိုးစီးပွားနှင်အာဏာကို မျိုးဆက်ခေတ်တစ်ခေတ်အဖြင့် ပြန်လည်တည်ဆောက်ရန် လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာ၊ ပြည်သူ့အာဏာကို လုယူပစ်ခဲ့သည်။ နိုင်ငံတဝှမ်းလုံး လမ်းပေါ်ထွက်ကာ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာပြန်လွှဲပေးရန်နှင့် စစ်ကျွန်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အကြမ်းဖက် ဗမာစစ်တပ်မှ အင်အားသုံး တိုက်ခိုက် ဖမ်းဆီးသတ်ဖြတ်မှုများ ဗြောင်ကျကျ ကျူးလွန်လာသော အခါ လမ်းပေါ်မှ ပြည်သူများအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို သမိုင်းပေးတာဝန်နှင့် အခြေအနေအရ ရွေးချယ်လာကြပါတော့သည်။ ထို့အတူ ချင်းအမျိုးသားများသည်လည်း လက်နက်ကိုင်လမ်းစဥ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့ကြပါ၏။ ကလေးမြို့တူမီးမှ ချင်းပြည် မင်းတပ်တူမီးသို့ လက်ဆင့်ကမ်းရာမှ ချင်းပြည်တဝှမ်း တူမီးသံညံနေပါတော့သည်။ 

ချင်းပြည်အတွင်း ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းပုံမှာ မြို့နယ်အခြေပြု၊ မျိုးနွယ်စု အခြေပြုဟူ၍ ၂ မျိုးဖြင့် ဖွဲ့စည်းထားသည်ကို တွေ့မြင်ရပါသည်။ ချင်းပြည် နယ်မြေဒေသအသီးသီးမှ စစ်ကောင်စီကို ချင်းရိုးရာ တူမီးဖြင့် ဘတပြန်ကျားတပြန်တိုက်ခိုက်ခဲ့ကြ၏။ ခြုံခိုပျောက်ကျားစနစ်ဖြင့် တွယ်ပစ်ကြ၏။ ကြာလာသော် စစ်ဆင်ရေးဗျူဟာလိုအပ်ချက်အရ လက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းတွေ့ဆုံအဖြေရှာရန် လိုအပ်လာ၏။ Zoom ဖြင့်အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပါသည်။ ထိုစဥ်က စာရေးသူသည် CDF-Mara ၏ ဒု-ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်နေပြီး Zoom အစည်းအဝေးများကိုလည်း မပျက် တက်ရောက်နေခဲ့ပါသည်။ ထို့နောက် ၂၀၂၁ခုနှစ်၊ သြဂုတ် (၂၅) ရက်နေ့တွင် အဖွဲ့ဝင်ပေါင်း ၁၆ ပါဝင်သော Join Military Committee -JMC ကို CNF ဌာနချုပ်တွင် တွေ့ဆုံ ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၇-၂၈) ရက်နေ့ JMC ၏ ပထမအကြိမ် အစည်းအဝေးက အဖွဲ့ဝင် (၁၈) ဖွဲ့ဖြင့် JMC မှ CJDC သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဤ အစည်းအဝေးကိုလည်း CNF ဌာနချုပ်တွင် ကျင်းပခဲ့ကြပါသည်။ CJDC အနေဖြင့် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပြီး NUG ၏ အသိအမှတ်ပြုမှု၊ ချင်ပြည်သူ၏ အသိ အမှတ်ပြုအားပေးမှုကို ရရှိခဲ့ကာ ဝင့်ကြွားနိုင်ခဲ့ပါသည်။

CJDC /CNF/ICNCC ပူးတွဲပေါင်းစည်းမှုဖြင့် ချင်းပြည်အစိုးရကို ဖွဲ့စည်းရန် ချင်းအမျိုးသားလမ်းစဥ်တရပ်ကို ချမှတ်နိုင်ခဲ့ကြပါသည်။ သို့သော်လည်းနောက်ပိုင်းတွင် CJDC အတွင်းရေး၌ အယူအဆမတူညီမှုများ၊ သဘောထားကွဲလွဲမှုများ၊ နယ်မြေထိန်းချုပ်မှုဖြင့် မကျေလည်မှု ပြဿနာများ စတင်လာခဲ့ပါသည်။ တဖက်တွင် ICNCC နှင့် CNF ၏ သဘောထားအယူအဆ ကွဲလွဲမှုကြီးမားလာခဲ့ သလို CJDC နှင့် CNF ကြား သဘောထား နားလည်မှု အယူအဆများလည်း ကွဲလွဲလာသည်ကို လေ့လာတွေ့ရှိရသည်။ MPC/CDF-Mara ကို CJDC အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း၊ MTC/MDF နှင့် CDF-Mara/CDF-Lautu ပြဿနာများ၊ CNF နှင့် MDF ကြား မပြေလည်မှုများ၊ ဖလမ်းနယ် CNO ထိန်းချုပ်နယ်မြေပြဿနာများ၊ CDF-Zotung နှင့် CDF- Lautu ပြဿနာများ စသည်ဖြင့် ရှုပ်ထွေးလာနေမှုကို ICNCC/CNF/CJDC မှ ချည်းကပ်ဖြေရှင်းနည်း သဘောထားအယူအဆ ကွဲလွဲနေခဲ့ကြပြီး တဖက်တွင် ICNCC မှ CNF က နှုတ်ထွက်သွားခဲ့ပြန်ပါသည်။ နောက်ဆုံးတွင် CJDC လည်း ဖျက်သိမ်းလိုက်ကြပါတော့၏။ 

ပထမပစ်မှတ် MTC/MDF

 ၂၀၂၁ ခုနှစ်၊ မေလ(၂၇)တွင် ဖွဲ့စည်းသော MPC/CDF-Mara နှင့်၂၀၀၇ ကတည်းက ဖွဲ့စည်းခဲ့သော MNA/MA ပေါင်းစည်းရန် မရာပြည်သူ့ညီလာခံ ခေါ်ယူခဲ့ပြီး MATC/MDF (ယခု MTC/MDF) ကို ညီလာ ခံမှ အတည်ပြုဖွဲ့စည်းပေးခဲ့သည်။ ယင်း မရာပြည်သူ့ညီလာခံသည် ချင်းမျိုးနွယ်စုများတွင် ပထမဆုံး ညီလာခံကျင်းပသော ညီလာခံ ဖြစ်ပါသည်။ (၃) လကြာ ရေးဆွဲသော Mara Charter ကိုလည်း အတည် ပြုပြဌာန်းခဲ့ကြသည်။ Mara Army သည်ULA/AA ထံတွင် စစ်ပညာသင်ယူခဲ့သော အဖွဲ့ဖြစ်ပြီး MPC/CDF- Mara သည် CNA ထံတွင် ရက်တို သင်တန်း စစ်ပညာကို သင်ယူခဲ့သည်။ 

MPC/CDF-Mara သည် JMC-CJDC- founding Member ဖြစ်ခဲ့သည်။ MA နှင့် MPC/CDF-Mara ပေါင်းစည်းရန် CNF ကိုယ်တိုင်က သဘောတူပေးခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းရန်လည်း CNFမှ အားပေး သဘောတူခဲ့ပါသည်။ သို့သော်လည်း မရာဟူသော ဝိသေန အနေဖြင့်သာ ရပ်တည်ရန် မရာ​ပြည်သူ့ညီလာခံမှ ဆုံးဖြတ်လိုက်သောအခါ CNF ၏ သဘော ထားမှာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။ ဆိုလိုသည်မှာ MTC/MDF ဆိုသော စကားလုံးတွင် Chin စာလုံး မပါဝင်ပါသည်ကို အ​ပြစ်တင်ခဲ့သည်။အမှန်မှာ AA နှင့် မဟာမိတ်ဖွဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟု ယူဆကြပါသည်။ MTC/MDF လည်း ULA/AA နှင့် ဆက်လက်၍ မဟာမိတ်အဖြင့် လက်တွဲခဲ့သည်။ 

CNF အနေဖြင့် MTC/MDF ကို ပစ်ပယ်ပြီး အသစ်ဖွဲ့စည်းသော CDF-Mara ကိုသာ လက်တွဲရသည့် အကြောင်းအရင်းမှာ အလွန်လေးနက်သိမ်မွေ့လှပါသည်။ ဖော်ပြပြီးသကဲ့သို့ ULA/AA ၏ အင်အားကြီးထွားလာခြင်း၊ အနောက်ဖက်ခြမ်း စစ်ရေး၊စီး ပွားရေးမဟာဗျူဟာမြောက် တြိဂံဒေသကို ထိန်း ချုပ်လာခြင်းတို့အပေါ် CNF ၏ စိုးရမ် ထိန့်လန့်မှုမှာ အမြင့်ဆုံးအနေအထားသို့ ထိုးတက်သွားခဲ့သည် အလျောက် AA နှင့် မိတ်ဖက်ဆက်ဆံရေး၊ မဟာ မိတ်ဖွဲ့သော MTC/MDF အပါအဝင် တခြားဒေသ န္တရကာကွယ်ရေးတပ်ဖွဲ့များကို လုံးဝ ပစ်ပယ်ရန် ရည်ရွယ်သည်ဟု သုံးသပ်နေကြသည်။ MTC/MDF ၏ မရာအမျိုးသားနိုင်ငံရေး၊ တော်လှန်ရေးကို အကျပ်အတည်းတွေ့စေရန် ဘက်ပေါင်းစုံက ကြိုးပမ်းနေသည်ဟု သုံးသပ်ကြသည်။ မီဒီယာလမ်းကြောင်း၊ မိတ်ဖက်ဆက်ဆံရေးလမ်းကြောင်း၊ ငွေကြေးထောက်ပံ့ရေးလမ်းကြောင်း၊ နိုင်ငံရေးလမ်းကြောင်းတို့ကို ဖြတ်တောက်ပစ်ရန် စနစ်တကျ ဗျူဟာချပြီး ဝိုင်းပတ်ခံရသည်ဟု ယူဆကြ၏။

 ZZLMS ကို ဖွဲ့စည်းရန် MTC/MDF မှ ကမကထပြုလုပ်စည်းရုံးခဲ့ပြီး အဆိုပါ ZZLMS ညီလာခံကို မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်တွင် ကျင်းပရန်အထိ သဘောတူဆွေးနွေးခဲ့ကြပြီး ဖြစ်ကာ ပွဲဖြစ်မြောက်ရေး ကော်မတီကိုပင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သော်လည်း ရုတ်တရက် အသစ်ဖွဲ့စည်းသည့် CDF-Mara ပါဝင်သော ZZLMS ကိုသာ ဖွဲ့စည်းခဲ့ခြင်းသည် MTC ဖက်မှ သံသယ ရှိစရာဖြစ်ခဲ့သည်။ MTC/MDF အနေဖြင့် ULA/AA နှင့် မိတ်ဖက်ဆက်ဆံပြီး မဟာမိတ်အနေဖြင့် လက်တွဲလျှက် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်တော်လှန်နေခြင်းသည် CNF/CNA အရှုက်ကိုထိုးသကဲ့သို့ ဖြစ်စေသည်ဟု သုံးသပ်ကြပါသည်။

 MTC/MDF ကို နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ရာတွင် ဒေသန္တရကာကွယ်ရေးအဖွဲ့အစည်း အားလုံးနီးပါးက နိုင်ငံရေးနှင့် တော်လှန်ရေးသမားတချို့ကို မလွန်ဆန်နိုင်ကြသည်ကို တွေ့ခြင်းအားဖြင့် ခေါင်း ဆောင်များ၏ ဝါဒမှိုင်းမိနေကြခြင်းမှာ သိသာထင်ရှားလှသည်ဟု သုံးသပ်နိုင်ပါသည်။

ဒုတိယပစ်မှတ်များ 

တဖက်တွင်လည်း ULA/AA နှင့် မိတ်ဖက်ဆက်ဆံရေးထူထောင်ထားသော CNO/CNDF၊ CNC/CDF- Mindat၊ ACDF တို့ကို သတိထား ဆက်ဆံလျှက်ရှိပြီး ၎င်းတို့နှင့် မကြာခဏ အငြင်းပွားမှုများပေါ်ပေါက်လျှက်ရှိသည်မှာ သံသယ ရှိစရာ ဖြစ်နေပါသည်။ CNO/ CNDF ထိန်းချုပ်ရာ ဖလမ်းမြို့နယ်သည် နောက်ပိုင်း၌ မတည်ငြိမ်မှုများ များပြားလာသကဲ့သို့ CNC/CDF-Mindat တွင်လည်း မတည်ငြိမ်မှုများနှင့် အတွင်းရေးဖဲ့ထုတ်မှုများ ရှိလာခဲ့သည်ကို တွေ့မြင်နေရသည်။ CNC နှင့် CNO၏ စုစည်းမှုပိုမို ကင်းမဲ့လာနေသည်မှာ သံသယ ရှိစရာ ဖြစ်လာသည်။ မတည်ငြိမ်မှုက တစ်စတစ်စ ပြင်းထန်လာပုံရနေသည်။ CNO နှင့် CNC မှာ ဒုတိယပစ်မှတ် ပေါ်ရောက်နေသည်မှာ ထင်ရှားလာသည်။ PDF-Zoland က အဆစ်ပါလာပြီဖြစ်ပြီး အခြေအနေမှာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲနေပါတော့၏။

တွန်းဇံတွင်လည်း အလားတူဖြစ်နေသည်ကို တွေ့မြင်နေရသည်။ မတူပီတွင် ၂ ခြမ်းကွဲနေပြီး ပလက်ဝမှာ အားသာရာ ကစားနေခဲ့ရသည်။ ကန်ပက်လက်ကို CNA တပ်ရင်းတစ်ခုပို့ပြီး အချိန်မီ ထိန်းထားခဲ့သည်။ သို့သော်လည်း ထင်သလို ခရီးမပေါက်သည်ကို တွေ့ရပြန်၏။ ချင်းတော်လှန်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ချို့၏ ချင်းအမျိုးသားရေးအပေါ် အာရုံစိုက်မှု နည်းပါးပုံနှင့် ကြိုတင် ပြင်ဆင်ထားမှု လုံးဝမရှိခြင်းသည် နွေဦးတော်လှန်ရေးအစပိုင်းတွင် အများကြီး ထင်ရှားပေါ်လွင်ခဲ့ရပြီး အကျိုးဆက်အနေဖြင့် ယနေ့ထိတိုင် ဒေသန္တရကာကွယ်ရေးများကို စည်းလုံးစွာ မစုစည်းနိုင် ဖြစ်နေခြင်းပင်။ မိမိထက် အင်အားကြီးမားလာမည်ကို စိုးရိမ်မှုလွန်ကဲပြီး စုစည်းဖို့ထက် ဖြိုခွဲဖို့ ကြံစည်နေကြခြင်းပေလောဟု လေ့လာသုံးသပ်ခြင်းအားဖြင့် သံသယ ရှိစရာ ဖြစ်နေပါသည်။ အကြောင်းအရင်းကို ပြန်လှန်ကြည့်လိုက်ပါက ၂၁ နွေဦး တော်လှန်ရေးအစုအဖွဲ့များသည် အစဦးပိုင်းတွင် စုစည်းမှု၊ စည်းလုံးမှုအင်အား ကောင်းမွန်ကြီးထွားခဲ့ကြသော်လည်း ယခု ၃ နှစ်ပြည့် နှောင်းပိုင်းကာလတွင် စုစည်းမှု၊ စည်းလုံးမှုများ တစ်စတစ်စ ပြိုကွဲလာသည်မှာ သံသယဖြစ်စရာပင် ဖြစ်တော့၏။ 

ချင်းအမျိုးသားညီညွတ်ရေးလမ်းကြောင်း၊ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားအင်အားစုစည်းရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားအကျိုးစီးပွား ကာကွယ်တည်ဆောက်ရေးတို့နှင့် သက်ဆိုင်သော ချင်းအမျိုးသားနိုင်ငံရေးနှင့် တော်လှန်ရေးလမ်းကြောင်းကို တစ်ချို့သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက မည်သို့ ဖော်ဆောင်နေကြသနည်းဟူသော မေးခွန်းကို ဘုရားသခင်က ဘယ်အချိန်တွင် အဖြေပေးပါမည်နည်း။ 

တတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။

Khaisa

10/1/2024 on Wed @ 3:54 pm(India)

မှတ်ချက်။ ဤသုံးသပ်ချက်ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်