အိုဘယ့် ချင်းပြည် အပိုင်း (၃)

Khaisa ရေးသည်။

ချင်း ခေါင်းဆောင်တချို့၏ ချင်းအမျိုးသားရေးနှင့် ULA/AA အပေါ် မှားယွင်းသော ချဥ်းကပ်မှု

ရခိုင်ပြည်နှင့် ချင်းပြည်သည် အိမ်နီးချင်းများ ဖြစ်ကြသည်။ မြန်မာပြည်အနောက်ဖက်ပိုင်း၏ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးများကို ဦးဆောင်ဖော်ဆောင်သွားကြမည့် လူမျိုးနှင့် တိုင်းပြည်များ ဖြစ်ကြသည်။ အိန္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို နိုင်ငံရေး၊ ကုန်သွယ်စီးပွားရေးအရ လှုပ်ကိုင်ကစားမည့် တိုင်းပြည်များဖြစ်ကြသည်။ လက်ရှိတွင် ဤ နှစ်ပြည်ထောင်ကို ULA/AA နှင့် CNF/CNA က ကိုယ်စားပြုနေသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ အကြောင်းမှာ တရားဝင်သော EAO များဖြစ်ကြသောကြောင့်ပင် ဖြစ်ပါသည်။ ULA/AA တွင်လည်း ပြိုင်ဖက် ALP/ALA ရှိနေသော်လည်း ALP/ALA ၏ အင်အားသည် AA ကို ယှဥ်နိုင်မည့်အနေအထား လုံးဝ မရှိပေ။ ရခိုင်ပြည်တွင် ULA/AA နှင့် ALP/ALA မှအပ PDF မရှိပေ။ ရခိုင့်အမျိုးသားရေး၊ ရခိုင့်ပြည်တွင်းရေး၊ ရခိုင့်ကာကွယ်ရေးနှင့် စီးပွားရေးအားလုံးကို ULA/AA က ၈၀ ရာခိုင်နှုန်းချုပ်ကိုင်ထားသည်ဟု ယူဆနိုင်သည်။ ULA/AA ၏ အင်အား ဖြန့်ကျက်မှုနှင့် မဟာမိတ်အင်အားတည်ဆောက်ပုံဖော်မှုမှာလည်း စံထားရလောက်အောင် ကြီးမားလှသည်။ ထို့ပြင် ULA/AA ၏ အမျိုးသားရေး ရေခံ၊ မြေခံမှာ အင်မတန်ကျစ်လစ်တောင့်တင်းခိုင်မာလှပါသည်။ ထိုကဲ့သို့သော အမျိုးသားရေးပြင်းထန်ခိုင်မာတောင့်တင်းလှသည့် ရခိုင်လူမျိုး၊ ရခိုင်ပြည်သူများနှင့် အိမ်နီးချင်းဖြစ်ရသည်မှာ ချင်းအမျိုး သားပြည်သူများအတွက် ကံကောင်းလှသည်ဟု ခံယူမိပါသည်။ 

ချင်းပြည်တွင်း မျိုးနွယ်စုကြွယ်ဝခြင်းမှာ အင်မတန်ကောင်းမွန်လှပသကဲ့သို့ အယူအဆမျိုးစုံ၊ အတွေး အခေါ်မျိုးစုံ၊ ခံယူချက်မျိုးစုံ၊ သဘောထားမျိုးစုံ၊ အစွဲမျိုးစုံဖြင့် ပြည့်နှက်နေသည်မှာလည်း ကောင်း မွန်လှပပါ၏။ ထိုကဲ့သို့သော မျိုးနွယ်စုများကို ဦးဆောင်ဦးရွက်ပြုရန် CNF/CNA တွင် တာဝန်ရှိလာသည်။ CNF/CNA တွင် အမှုထမ်းသူများလည်း မျိုးနွယ်စုပေါင်းစုံမှ ပါဝင်ကြသည်မှာ မုချ အမှန်တရား ပကတိ အခြေအနေပင်ဖြစ်ပါ၏။ ချင်းပြည်တွင် အရပ်ဖက်အဖွဲ့အစည်း ရေတွက်မရအောင်များပြားလှသည်။ ချင်းပြည်တွင် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များပြားလှသည်။ မျိုးနွယ်စုတိုင်း၊ မြို့နယ်တိုင်း ကိုယ်ပိုင်တပ်ဖွဲ့ အကုန်ပိုင်ဆိုင်ထားသည့် အနေအထားဖြစ်နေ၏။

ဤ အနေအထားကို ​ချင်းခေါင်းဆောင်များ မှ ကောင်းစွာ အသုံးချတတ်ဖို့လိုသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာဖြင့် အသုံးမချတတ်ခဲ့ဟုသာ သုံးသပ်ရမည်ဖြစ်သည်။ ထိပ်တန်း ချင်း ခေါင်းဆောင်များသည် ချင်းအမျိုးသားရေးတည်ဆောက်မည့် လမ်းကြောင်းပေါ်ကို မည်သို့ခြေချရမည်မှန်း ယနေ့တိုင် သဘောမပေါက်ကြသေးဟန် တူပါသည်။ ယခုအချိန်ကာလသည် ချင်းအမျိုးသားတည်ဆောက်ရေး အတွက် မဟာအခွင့်အရေးတရပ်ကြီး ဖြစ်သည်မှာ ငြင်းမရသောအချက်ဖြစ်သည်။ ချင်းခေါင်းဆောင်များ ကိုယ်၌ကလည်း သဘောပေါက်ကြပါ၏။ သို့သော် မလုပ်တတ်မကိုင်တွယ်တတ်ကြဟုသာ မှတ်ယူစရာဖြစ်နေခဲ့သည်။ နောက်တစ်ချက်မှာ CNF အနေဖြင့် သူ့ထက်အင်အားကြီးသော ချင်းလက်နက်ကိုင်အဖွဲ့ ထွက်ပေါ်လာမှာကို အစိုးရိမ်လွန်ကြောင်း တွေ့မြင်နိုင်ပါသည်။ CNF အနေဖြင့် ချင်းအမျိုးသားရေးနှင့် ၎င်း၏ အင်အားတည်ဆောက်နေသည့် အလယ်ပိုင်းကာလ ယနေ့အချိန်တွင် အိမ်နီးချင်းများနှင့် ထိပ်တိုက်တွေ့ဆုံမှုမျိုးကို ရှောင်ရှားရန် အထူးလိုအပ်လှသည်။ 

ချင်းခေါင်းဆောင်များ အနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးကို အမှန်တကယ် လိုလားပါက အိမ်နီးချင်း ရခိုင်လူမျိုးများနှင့် ချင်းလူမျိုးများကြား ချစ်ကြည်မှုကို မဖြစ်မနေတည်ဆောက်မည်မှာ မလွဲပေ။ ဤ သဘောထားယူဆချက်သည် ဒေသတွင်းနိုင်ငံရေး၊ စစ်ရေးကို နားလည်သဘော ပေါက်သူများသာ ထိုးထွင်းသိမြင်နိုင်သော ဥာဏ်ပညာဖြစ်သော်လည်း ချင်းခေါင်းဆောင်တချို့က သဘောပေါက်နိုင်ခြင်း မရှိကြပေ။ ချင်းခေါင်းဆောင်တချို့ အနေဖြင့် ULA/AA နှင့် ကောင်း မွန်သော ဆက်ဆံရေး မတည်ဆောက်ချင်ရုံသာမက ခေတ်နှင့်လျော်ကန် ကိုက်ညီမှုမရှိတော့သည့် လူမျိုးရေးမုန်းတီးမှုကိုပင် ဆောင်ရွက်ဖန်တီးနေကြကာ AA မုန်းတီးရေးမုန်းတီးဆန့်ကျင်ရေးကို ချင်းလူမျိုးများတွင် ရိုက်ထည့်ပေးနေ​ကြသည်မှာ ဝမ်းနည်းစရာပင်။ 

ULA/AA နှင့် ပတ်သက်သော လူ၊ အဖွဲ့အစည်းများကို မုန်းတီးရေးကိုသာ စီစဥ်လျှက်ရှိနေကြသည်ဟု ထင်မြင်ယူဆချက်များ ရှိလာသည်။ ထို့ကြောင့် တစ်ချို့သော လော်ဘီများ၊ တချို့သော ချင်းခေါင်းဆောင်များကို အမြန်ဆုံး မဖယ်ရှားနိုင်ပါက ချင်းအမျိုးသားရေးတည်ဆောက်ရေးသည် ရခိုင်လူမျိုးနှင့် ချင်းလူမျိုးကြား လူမျိုးရေးပြဿနာနှင့် ပဋိပက္ခကိုသာ ဖြစ်ပွားစေလိမ့်မည် ဖြစ်ပြီး ချင်းအမျိုးသားအင်အားသာ ဆုတ်ယုတ်စေမည်ကို ချင်းလူမျိုးများအနေဖြင့် သတိပြုရန် အချိန်တန်ပြီ ဖြစ်သည်။ လော်ဘီများနှင့် ချင်းခေါင်းဆောင်တချို့က ပလက်ဝအရေးတွင် ULA/AA နှင့် CNF/CNA ကိုဖိအားပေး၍ စစ်ရေးအရ ထိပ်တိုက်တွေ့ရန် တွန်းအားပေးနေခြင်းသည် CNF/CNA ကို ပျက်စီးရာ ပျက်စီးကြောင်း လမ်းကြောင်းပေါ်သို့ ဆွဲတင်သော အကြံအစည်သာ ဖြစ်သည်ကို CNFနှင့် ချင်းလူမျိုးများအနေဖြင့် သတိထားရပါလိမ့်မည်။

အကျိုးတူစီးပွားဖော်ဆောင်ခြင်း၊ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ခြင်း၊ ဒေသတွင်း နိုင်ငံရေးနှင့်စီးပွားရေး မဟာဗျူဟာချမှတ်ခြင်း၊ ချင်အမျ်ုးသား အနာဂတ်အင်အားဖော်ဆောင်ခြင်း၊ ချင်းအမျိုးသားစည်းလုံးရေးဖော်ဆောင်ခြင်းတို့ကို လုံးလုံး နားမလည်သဘောမပေါက်သော ချင်းခေါင်းဆောင်တချို့ကို အမြန်ဆုံးမဖယ်ရှားပါက ချင်းပြည်သည် ​သွေးချောင်းစီးသည့် လမ်းကြောင်းပေါ်လျှောက်လှမ်းမလာဆိုသည်ကို CNF/CNA တွင် တာဝန်ထမ်းဆောင်နေသော ယခင်စစ်ဦးစီးချုပ်ဟောင်း ဆော်လမွန်၏ ပြောစကားကို နားထောင်ခြင်းဖြင့် အတိအကျ ခန့်မှန်းနိုင်ပါသည်။

စစ်မှန်သော ချင်းအမျိုးသားတည်ဆောက်ရေးချဥ်းကပ်ပုံ မှားယွင်းခြင်း

ရှေးယခင် ချင်းလူမျိုးများသည် မျိုးနွယ်စုအလိုက်သာ သီးခြားနေထိုင်အုပ်ချုပ်ခဲ့ကြသည်။ ဤသည်မှာ ယနေ့တိုင် အကျိုးသက်ရောက်မှုရှိသည်ကို သတိပြုသင့်သည်။ ထို့ကြောင့် ချင်းအမျိုးသားရေးတည်ဆောက်ရာတွင် မျိုးနွယ်စုကို အကြွင်းမဲ့ အခြေခံကြရမည်ဖြစ်သည်။ မြို့နယ်သည် ချင်းအမျိုးသားအဆောက်အဦး မဟုတ်သည်ကို သတိပြုရမည်။ မျိုးနွယ်စုသာ အခြေခံ ချင်းအမျိုးသားအဆောက်အဦးဖြစ်ကြောင်း လုံးဝ မမေ့သင့်သည့် တစ်ခုတည်းသော အမှန်တရားဖြစ်သည်။ 

ဒေသန္တရအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးများသည် မျိုးနွယ်စုအခြေခံဖွဲ့စည်းခြင်းက ယုတ္တိအတန်ဆုံး

နှင့် လက်တွေ့အကျဆုံးဖြစ်သည်။ ခိုင်မာမှန်ကန်သော ကိုယ်စားပြုမှုလည်း ဖြစ်သည်။ လွှတ်တော်အမတ်များ၊ သပိတ်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ အားလုံးသည် မိမိ မျိုးနွယ်စုမှ တဆင့် ကိုယ်စားပြုမှုကို ခံယူကြရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခြေ/ဥ မရှိသော အခြေအနေ အနေအထားသည် လွတ်လပ်ရေးမတိုင်ခင် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်အမျိုးသားရေး အဆောက်အဦးဆီသို့ ပြန်လည်ရောက်ရှိသွားစေသည်ကို သတိပြုသင့်သည်။ ထို့ကြောင့် အစပြု အမျိုးသားရေးလမ်းကြောင်းပေါ် ရောက်ရှိနေသည်ဟု သတ်မှတ်နိုင်သည်။ 

ဤသို့သော ကာလတွင် မျိုးနွယ်စု တစ်ခုတွင်း အုပ်စုဖွဲ့ခြင်းများ၊ ကွဲခြင်းများ ရှိနိုင်သည်။ ဤ အနေအထားမျိုး အခြေအနေမျိုးတွင် ချင်းခေါင်းဆောင်များ အနေဖြင့် ဘက်လိုက်မှုကင်းရှင်းစွာ ရပ်တည်ရမည်ဖြစ်သည်။ သက်ဆိုင်ရာ မျိုးနွယ်စု၏ အများစုသဘောထားကို အသိအမှတ်ပြုပေးရမည်ဖြစ်ပြီး ခိုင်မာစွာ စုစည်း စည်းရုံးရမည်ဖြစ်သည်။ တပည့်မွေးခြင်းကို ရှောင်ရှားရမည့် ကာလဖြစ်ပြီး အမျိုးသားစည်းလုံးရေးမှ အမျိုးသားတည်ဆောက်ရေး လမ်းကြောင်းပေါ်ကို ခြေချရမည် ဖြစ်သော်လည်း ချင်းခေါင်းဆောင်များ အနေဖြင့် ဘက်လိုက်မှု မကင်းခဲ့ကြပေ။ ရသလောက်ယူမည့် အစီအစဥ်သာ ရေးဆွဲဖော်ဆောင်ခဲ့သည်ကို တွေ့ရသည်။ သက်ဆိုင်ရာ မျိုးနွယ်စုအသီးသီး၊ မြို့နယ် အသီးသီးသည် ပြည်သူ့ညီလာခံကျင်းပပြီး ကိုယ်စားပြုမှုကို အခိုင်အမာ တည်ဆောက်ဖွဲ့စည်းကြပြီ ဖြစ်သည်။ 

လူနည်းစုနှင့် ပြည်သူ့သဘောထားကို သွေဖယ်သော လူနည်းစု အစုအဖွဲ့ကို အားပေးကူညီ မြှောက်ပင့်ခြင်း မပြုလုပ်သင့်ပေ။ သို့သော် ဤ အချင်းအရာများကို နေရာအများစုတွင် တွေ့မြင်နေရသည်မှာ ချင်းခေါင်းဆောင်များ ၏ ချည်းကပ်ပုံ မှားယွင်းမှုဟုသာ ယူဆရပါသည်။ ချင်းခေါင်းဆောင်များ အနေဖြင့် အမျိုးသားစည်းလုံးရေးကော်မတီတစ်ရပ် ဖော်ဆောင်ပြီး ကိုယ်စားလှယ်များကို မျိုးနွယ်စုအသီးသီးတွင် စေလွှတ်ကာ အခြေခံစည်းလုံးရေးကို တည်ဆောက်ပြီး ပြဿနာများကို ပြေလည်အောင်ကြိုးပမ်းခြင်းဖြင့် အမျိုးသားတည်ဆောက်ရေးလမ်းကြောင်းပေါ် ဆွဲတင်ရမည်ဖြစ်သည်။ သို့သော် ပျက်ကွက်ခဲ့ပါကြပါ၏။ ချင်းအမျိုးသားရေးစည်းလုံးမှုကို ရရှိရန် အကြောင်းပြချက်ဖြင့် ပလက်ဝနှင့် AA အရေးကို အသုံးချခြင်းသည် မှန်ကန်သော လမ်းကြောင်းမဟုတ်ဘဲ ချင်းလူမျိုးများအတွက် ပို၍ပင် အန္တရာယ်ပေးသော လမ်းကြောင်းဖြစ်သည်ကို သတိပြုကြရန်လိုအပ်သည်။

တရားခံရှာခြင်း

တစ်ချို့ခေါင်းဆောင်များသည် နိုင်ငံရေး၊ အမျိုး သားရေး၊ လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေးအရ မိမိအဖွဲ့အစည်း၊ မိမိကိုယ်စားပြုနေသော လူမျိုး နှင့် နိုင်ငံကို ဦးဆောင်နိုင်ခြင်းမရှိ၊ ခေါင်းဆောင်နိုင်သည့် အရည်အချင်းမရှိ၊ ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိကြသောအခါ တာဝန်ယူမှု တာဝန်ခံမှုမရှိ သူရဲဘော်ကြောင်စွာဖြင့် ခေါင်းရှောင်ကာ အစားထိုး တရားခံကို မမှန်မကန် ရှာဖွေတတ်ကြပါသည်။ ထိုသို့ ရှာဖွေရာတွင် မိမိအနိုင်ယူနိုင်လောက်သူ၊ အင်အားနည်းပါးသူ၊ အနိုင်ကျင့်၍ ရလောက်သောသူကို ပစ်မှတ်ထားတတ်ကြပါသည်။ ထိုပစ်မှတ်ကို အများပြည်သူက အထင်မှားအမြင်မှားဖြစ်အောင် ကြာရှည်စွာ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ကာ မိမိအသုံးချရန် အချိန်အခါရောက်မှ အပြစ်ပုံချကြသည်။ 

ကမ္ဘာ့စစ်သမိုင်း၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးများကို လေ့လာပါက ပုဂ္ဂိုလ်ရေးအစားထိုးတရားခံ ဖြစ်သွားသောသူနှင့် အဖွဲ့အစည်းများကို တွေ့မြင်နိုင်ပါသည်။(ဥပမာ စစ်သူကြီးများ၊ နိုင်ငံရေးပါတီများ)

ချင်းပြည်တွင်လည်း အလားတူဖြစ်ပျက်နေသည်ကို သတိပြုကြရန် လိုအပ်လာပြီ ဖြစ်သည်။ ပလက်ဝအရေး၌ တစ်ချို့အဖွဲ့နှင့် တချို့လူပုဂ္ဂိုလ်များအား အစားထိုး တရားခံဖြစ်စေရန် ကြိုးပမ်းနေကြသည်ကို တွေ့နေရပြီ ဖြစ်သည်။ မိမိတို့အသုံးမကျ၍ ပလက်ဝအရေးကို တာဝန်မယူနိုင်ဘဲ တချို့အဖွဲ့နှင့်ပုဂ္ဂိုလ်များကို တရားခံအဖြင့် ထိုးကျွေးနေသည်မှာ ရှက်စရာကောင်းသော သဘောထားနှင့် လုပ်ရပ်ပင် ဖြစ်ပါသည်။ ULA/AA နှင့်မိတ်ဖက်ဆက်ဆံရေးထူထောင်ထားသော အဖွဲ့အစည်းများအား ချင်းပြည်ကိုရောင်းစားနေကြသူများဟု ပုဒ်မတပ်ပြီး တရားခံအဖြင့် မတရားပုံဖော်စပြုနေကြသည်ကို သတိပြုကြရန် လိုပါသည်။ မိမိကို ပုခုံးချင်း ယှဥ်လာနိုင်သောအဖွဲ့၊ ပုဂ္ဂိုလ်၊ AA နှင့်မိတ်ဖက်ဆက်ဆံရေးထူထောင်ထားသော အဖွဲ့အစည်းများကို လုံးဝ ပြိုကွဲသွားအောင် နည်းလမ်းမျိုးစုံအသုံးပြုကာ ဆောင်ရွက်လာမည်ကို ကြိုတင်သတိပြုကြရန် လိုအပ်ပါသည်။ 

လွဲချော်စေသော အကြောင်းရင်း

 ခေတ်အဆက်ဆက် ချင်းအမျိုးသားရေး ခေါင်းကိုက်ခဲ့တဲ့ ချင်းခေါင်းဆောင်များသည် ယခုအချိန်ကာလလိုမျိုးမှာ အခွင့်အရေးလက်လွှတ်လိုက်ရမှာကို အစိုးရိမ်လွန်နေပုံရပါသည်။ ထို့ကြောင့် တချို့ကိစ္စများတွင် စိတ်လောနေကြသည်ကို တွေ့နေရပါသည်။ ၎င်းတို့ ဖက်မှ ဝင်ကြည့်ပါက နားလည်ပေးနိုင်မည့် စိတ်စေတနာများ ရှိသင့်သလောက် ရှိဖို့လည်း လိုအပ်ပါသည်။ 

ဒီလိုကာလမျိုးတွင် CNF နှင့် ချင်းခေါင်းဆောင်များ အနေဖြင့် စစ်သားစုဆောင်းရေး၊ နယ်မြေထိန်းချုပ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာ ရေးဆိုင်ရာ ဖြည့်တင်းရေး၊ ချင်းအမျိုးသားတည် ဆောက်ရေး၊ ချင်းအမျိုး သားအင်အားစုစည်းရေး စသည့် ချင်းအမျိုးသားရေးတွေအတွက် စိတ်လောပြီး အပူတပြင်း စိုင်းပြင်းကြသောကြောင့်ပင် တချို့ကိစ္စများမှာ အလွဲလွဲ အချော်ချော်ဖြစ်နေပုံရပါသည်။ အနောက်ဖက် စစ်ရေးချိန်ခွင်(ULA/AA နှင့် CNF/CNA)ကိုလည်း အပူတပြင်း ချိန်ညှိချင်နေကြသည် ကိုလည်း တွေ့နိုင်ပါသည်။ ပလက်ဝအရေး၌လည်း ဖိအားဝင်နေကြသည်မှာ ထင်ရှားပါသည်။

တဖက်မှာလည်း အတွေ့အကြုံရင့်ကျက်သည့် လူငယ်ပိုင်း နည်းပါးမှုက အနာဂတ်လက်ဆင့်ကမ်းတာဝန်ပေးဖို့ရန် လူအင်အားနည်းပါးနေပုံရပြီး စည်းရုံးရေးပညာပိုင်းတွင် အားနည်းချက် ကြီးမားနေတာကတော့ အမှန်ပါပင်။ CNF ပြိုကွဲမှာကိုလည်း အစိုးရိမ်ကြီးနေကြသဖြင့် တာဝန်အပ်နှံမှု၊ တာဝန်ပေးမှုပိုင်းတွင် လူယုံများ ရွေးချယ်ရခက်ခဲနေကြပုံ ပေါ်နေပြန်ပါသည်။ အရင်က CNF အတွင်းရေးပြိုကွဲမှု ကြုံတွေ့ရတဲ့ သင်ခန်းစာကို ကောင်းကောင်း သတိထားနေကြသည်မှာလည်း မမှားကြပေ။

ဘာပဲပြောပြော အခက်အခဲ မျိုးစုံကြုံတွေ့ ရဲဘော်တွေနဲ့ တစ်ချို့လူကြီးများကို အသိအမှတ်ပြု လေးစားကြရန် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူမိပါသည်။ 

အခွင့်အရေးကို လက်မလွှတ်အသုံးချနိုင်ရန် ကြိုးစားရင်း စိတ်လောမိသည့်အတွက် တစ်ချို့ကိစ္စရပ်များ အလွဲလွဲ အချော်ချော် ဖြစ်သည်ဟု သုံးသပ်ပါသည်။ 

နောက်တချက်မှာ အောင်ဆန်းစုကြည်နှင့် NLD မျက်နှာကြောင့် အရည်အချင်းမရှိသော်လည်း မျိုးနွယ်စုမဲ၊ ပါတီမဲ ဖြင့် ရွေးကောက်ခံကြသော လွှတ်တော်အမတ်များ၏ အမျိုးသားနိုင်ငံရေး၊ အမျိုးသားတော်လှန်ရေး၊ ပါတီနိုင်ငံရေး၊ လူမျိုးနွယ်စု နိုင်ငံရေး မခွဲခြားတတ်ခြင်း၊ မစိစစ်တတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာတတ်မှု ကင်းမဲ့ခြင်းတို့ကြောင့်လည်း ချင်းနိုင်ငံရေးက ပို၍ ရှုပ်ထွေးညစ်ပတ်စေသည်ဟု ထပ်မံ သုံးသပ်မိပါသည်။ 

မိမိတို့သည် အသိအမှတ်ပြုသင့်သည့် အတိုင်း အတာအထိ အသိအမှတ်ပြုတတ်ဖို့ အလွန်ရေးကြီးပါသည်။မျက်စိမှိတ် ပစ်ပယ်ခြင်း၊ ထောက်ခံခြင်းသည် အန္တရာယ်အလွန်များပြီး အသိပညာကင်းမဲ့မှုကိုပေါ်လွင်စေပါသည်။ 

နိဂုံး

၁။ ချင်းခေါင်းဆောင်များအနေဖြင့် ဒေသတွင်းနှင့်ပြည်တွင်း ပထဝီနိုင်ငံရေးကို ကျေညက်နေရန်လိုအပ်ပြီး အမြဲတမ်း လက်ဦးမှုရယူကြရန်လိုအပ်သည်။ ထိုသို့ လက်ဦးမှုရယူနိုင်ရန် အမျိုးသားရေးအင်အားကြီးထွားရန် တည်ဆောက်ရမည် ဖြစ်သည်။ 

၂။ ချင်းအမျိုးသားရေးကို တည်ဆောက်ရာတွင် Divide and rule ဗျူဟာ ကို ရှောင်ရှားရမည်။ ၎င်း ဗျူဟာသည် ချင်းလူမျိုးများကြား အသုံးပြုရန် သင့်တော်ကောင်းမွန်သော ဗျူဟာမဟုတ်သည်ကို ယခင်ခေတ်အဆက်ဆက်မှ ယနေ့ကာလအခြေအနေအထိ ​မျက်မြင်ပင် ဖြစ်သည်။ ထို့ကြောင့် ချင်း ပကတိအနေအထားကို လက်ခံ၍ ကျင့်သုံးရမည်။

၃။ အိမ်နီးချင်းများ၊ နယ်မြေကိစ္စအငြင်းပွားမှုများ၊ အမျိုးသားအကျိုးတည်ဆောက်မှုများကို ရှုမြင်ချည်းကပ်ရာတွင် မိမိအင်အားအခြေအနေ၊ မိမိအင်အားအရင်းအမြစ်၊ ပြဿနာ ပဋိပက္ခ၏ အရင်းအမြစ်များကို သေချာရှာဖွေတွက်ချက်စိစစ်ပြီး အဖြေရှာရမည်။ ထိပ်တိုက်ဖြေရှင်းမှုကို ရှောင်ရှားရမည်။ ဖြေရှင်းရမည့် အချိန်အခါကို သဘောပေါက်ရန်လိုအပ်သည်။

ကမ္ဘာကြီးသည် တစ်ဦးတည်းဆောင်ရွက်မှုဖြင့် လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည်မဟုတ်ဘဲပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ခရီးဆက်နေသည်ကို ချင်အမျိုးသားတိုင်း နားလည်သဘောပေါက်သင့်သည် မဟုတ်ပါလား။

Khaisa

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်