တောင်ဇလပ်ပင်တွေအန္တရာယ်နဲ့ကြုံတွေ့နေတာကြောင့် တားမြစ်သစ်ပင်စာရင်းတွင် ပါဝင်စေချင်ဟုဆို

 

 

 

 

 

တောင်ဇလပ်ပင်တွေအန္တရာယ်နဲ့ကြုံတွေ့နေတာကြောင့် တားမြစ်သစ်ပင်စာရင်းတွင် ပါဝင်စေချင်ဟုဆို

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထိန်းသိမ်းကာကွယ်ရန်အလို့ငှာ တားမြစ်သစ်ပင်စာရင်းထုတ်ပြန်ချက်ထဲတွင် တောင်ဇလပ်ပင်မပါဝင်သဖြင့် ချင်းတိုင်းရင်းသားတွေရဲ့သင်္ကတဖြစ်တဲ့ တောင်ဇလပ်ပင်လည်းပါဝင်စေချင်တယ်လို့ ဆိုကြပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထိန်းသိမ်းကာကွယ်ရန် တားမြစ်သစ်ပင်အဖြစ်သတ်မှတ်ကြောင်း သစ်ပင် ၅၂ မျိုးကို သြဂုတ်လ (၁)ရက်နေ့တွင်ထုတ်ပြန်လိုက်ပါတယ်။

ယင်းတားမြစ်သစ်ပင်စာရင်းတွင် ချယ်ရီပင်နဲ့ထင်းရှုးပင်တို့လည်း ပါဝင်ကြပါတယ်။

အပွင့်လှလို့ဟုဆိုကာ အကိုင်းကိုချိုးပြီး ဆိုင်ကယ်နဲ့သယ်တဲ့သူတွေလည်းရှိပါတယ်

ချယ်ရီပင်ကို နှစ်စဉ်ကိုယ်ထူကိုယ်ထစိုက်ပျိုးနေတဲ့ ဖလမ်းမြို့က ပါစတာ ဆလိုင်းဗန်ဘွေ့လျန်က “ချယ်ရီကို တားမြစ်သစ်ပင်ထဲပါဝင်တာ အရမ်းကောင်းတယ်။ အခုလိုတားမြစ်တာ လူတွေသိရင် ဘာလို့တားမြစ်တာလဲဆိုတာ စဉ်းစားလာပြီးတော့ အရင်လိုအလွယ်တကူ ခုတ်ကြမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ချင်းတောင်မှာ အဝေးကနေပဲဖြစ်ဖြစ်၊ အနီးကနေပဲဖြစ်ဖြစ်မြင်လို့ရတဲ့ သဘာဝပန်းတွေသိပ်မရှိဘူး။ သူကတောထဲမှာသူ့ဘာသာရှင်သန်နိုင်တယ်။ ချင်းလူမျိုးတွေက ချယ်ရီကိုတန်ဖိုးထားတဲ့ပန်းပါ။ ခရစ္စမတ်ကာလမှာလည်း အပွင့်ရှိတဲ့အကိုင်းကိုမချိုးပဲ အပင်ပေါ်မှာပဲလှလှပပလေးရှိစေချင်တယ်။ ကျနော်တို့က ပန်းကြိုက်တယ်ဆိုပြီးအကိုင်းကိုချိုးတယ်အိမ်မှာပန်းထိုးပြီးအလှဆင်တယ်။ ဒါက ချယ်ရီကို တန်ဖိုးမထားတတ်တာ။ ဂျပန်တွေကတော့ မြေပေါ်မှာကျသွားတဲ့အပွင့်တွေတောင် ခြေထောက်နဲ့မနှင်ကြဘူး။ ဒီလိုဆက်လုပ်ရင်တော့ လူအများကပိုတန်ဖိုးထားတတ်လာမယ်လို့ယုံကြည်တယ်။ ချယ်ရီပင်တွေစိုက်တော့ လူတွေကလှောင်ပြောင်ကြတယ်။ စိုက်ဖို့လိုတဲ့အပင်မျိုးလို့မထင်ကြဘူး။ သစ်တောတွေကပဲစိုက်ရမယ်လို့ယူဆကြတယ်။ ချယ်ရီပင်ကသိပ်လည်းမသုံးကြဘူး၊ အသားကလည်းမကောင်းပါဘူး။ တစ်ချို့မီးသွေးဖုတ်ဖို့ခုတ်ကြတယ်။ ဒါထက်မခုတ်ပဲထားတာပိုကောင်းပါတယ်” လို့ပြောပါတယ်။

၂၀၁၈ သစ်တော်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ အပ်နှံထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ပုဒ်မခွဲ(ဂ) ဝန်ကြီးဌာနသည်-(၁)သစ်တော်ဦးစီးဌာနက ထိန်းသိမ်းကာကွယ်ရမည့် တားမြစ်သစ်ပင်အမျိုးအမည်များကို နေရာဒေသအလိုက်သတ်မှတ်ကြေညာခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်လို့ဖော်ပြထားပါတယ်။

ယင်းကဲ့သို့ တားမြစ်သစ်ပင်များကို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် လက်ဝယ်ထားရှိခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၇နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ငါးသိန်းမျအများဆုံး ကျပ် ၁၀ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံစေရမည်လို့ ပုဒ်မ ၄၂ တွင်ဖော်ပြထားပါတယ်။

ပုလင်းထဲရောက်သွားတဲ့ တောင်ဇလပ်ဝိုင်

ပါစတာ ဆလိုင်းဗန်ဘွေ့လျန်က “ တောင်ဇလပ်ပင်ကို တားမြစ်ထဲမထည့်တာ ဝမ်းနည်းစရာကောင်းတယ်။ မြန်မာတစ်ပြည်လုံးမှာမရှိလို့ သိပ်အရေးမပါဘူးထင်နေတာလားမသိဘူး။ ချင်းတိုင်းရင်းသားတွေအားလုံးတန်ဖိုးထားတဲ့ သင်္ကတလည်းဖြစ်တဲ့တွက်ကြောင့် ချင်းပြည်နယ်အစိုးရကတော့ တားမြစ်ထဲမှာထည့်စေချင်တယ်။ သူက တစ်ခြားသစ်ပင်တွေလို လွယ်လွယ်နဲ့မရှင်နိုင်ဘူး။ အပွင့်ပွင့်တဲ့ထိ နှစ် ၂၀ လောက်ကြာမယ်ထင်တယ်။ တစ်ပင်စိုက်တာ ၂ နှစ်ရှိပြီ ခြောက်လက်မတောင်မမြင့်လာဘူး” လို့ပြောပါတယ်။

တောင်ဇလပ်ပင်တွေဟာ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်အချို့နေရာတွင်သာ သဘာဝအတိုင်း ပေါက်ရောက်ကြပါတယ်။ သူတို့ဟာ နိုဝင်ဘာလလောက်ကနေစပြီး ဧပြီလထိပွင့်တာဖြစ်ပြီး တစ်ပင်လုံးနီရဲအောင်ပွင့်တက်ကြပါတယ်။ ဒါကြောင့် အပွင့်လှလို့ဟုဆိုကာ အကိုင်းခူးခြင်း၊ အပင်လိုက်ခုတ်လှဲခြင်းတွေပြုလုပ်တတ်ကြပါတယ်။

ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့မှ ကိုအင်ဒါရူထားသွောင်က “တောင်ဇလပ်မပါတာတော့ အံသြတယ်။ တော်တော်လေးလည်းစိတ်မကောင်းဘူး။ ပါစေချင်တယ်။ ချင်းအစိုးရကဒါကို မတိုက်တွန်းဘူးလားလို့မေးချင်တယ်။အခု ထင်းရှုးက ကန့်သတ်၊ သစ်မာလည်းကန့်သတ်ရင် ဘယ်ကနေ အိမ်ဆောက်မလဲ။ ချင်းပြည်နယ်မှာ အခြေခံလိုအပ်ချက်တွေတွက်အခက်ခဲဖြစ်စေမယ်” လို့ပြောပါတယ်။
တောင်ဇလပ်ပင်တွေ မခုတ်ဖို့၊ အကိုင်းတွေမချိုးဖို့ ကလေး-တီးတိန် ကားလမ်းတစ်လျှောက် စတေကာကမ်ပိန်းလှုပ်ရှားမှုတွေ လူငယ်တွေက နှစ်စဉ်ပြုလုပ်ကြပေမယ့် ဆက်လက်ခုတ်လှဲနေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် သစ်တော၊ စိုက်၊မွေးဝန်ကြီး ဦးမန်ဟင်းဒါလ်းက “ထင်းရူးပင်ကို တားမြစ်သစ်ပင်စာရင်းမှပယ်ဖျက်ပေးဖို့တောင်းပေမယ့် မရဘူး။ တောင်ဇလပ်ကတော့ တားမြစ်စာရင်းမပါလာတာတော့ ကျနော်လည်းမသိဘူး။ သူတို့ကလည်း အကြံဉာဏ်တောင်းတာမရှိဘူး။ တားမြစ်စာရင်းထဲပြန်ထည့်ပေးဖို့ တောင်းဆိုပေါ့မယ်” လို့ပြောပါတယ်။

ဒါ့ပြင် အထူးသဖြင့် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အပွင့်ကိုခူးပြီး တောင်ဇလပ်ဝိုင်လုပ်ဖို့အပင်လိုက်ခုတ်လှဲတာလည်းရှိတဲ့တွက် ယခင်လိုလမ်းဘေးမှာ တောင်ဇလပ်ပင်များများတွေ့ဖို့ခဲယဉ်းနေပါပြီ။

မင်းတပ်မြို့ဒေသခံတစ်ဦးက “တောင်ဇလပ်ပွင့်တဲ့ချိန်လည်း တောင်ယာသိမ်းချိန်ဆိုတော့ သူတို့မှာအလုပ်လုပ်ဖို့မရှိတော့ အပိုဝင်ငွေအနေနဲ့တောထဲက လွယ်လွယ်လေးနဲ့ရတဲ့ တောင်ဇလပ်ပွင့်တွေသွားခူးကြတယ်။ အစတုန်းကတော့ အပင်နိမ့်ပိုင်းမှာအပွင့်တွေရှိတယ်။ အခုတော့အပွင့်ခူးဖန်များတော့ အပင်ရဲ့ထိပ်ပိုင်းဘက်မှာပဲရှိတော့ သစ်ပင်ပေါ်လည်းမတက်ချင်တော့ အပင်လိုက်ခုတ်လဲကြတယ်။ တောင်ဇလပ်ဝိုင်က အရသာလည်းမကောင်းပါဘူး။ ဒါပေမယ့် ခရီးသွားဧည့်သည်တွေက ထူးဆန်းလို့မြည်းချင်ကြတာနဲ့ဝယ်သောက်ကြတာပေါ့။ ဖြစ်နိုင်ရင် ချင်းတောင်မှာခြံကနေစိုက်ပျိုးပြီးထုတ်လုပ်တဲ့ဝိုင်အမျိုးမျိုးရောင်းကြပါတယ်။ အဲ့ဒါကိုပဲ အားပေးစေချင်တယ်။ တောင်ဇလပ်ဝိုင်ဝယ်လိုအားများရင်တော့ တောင်ဇလပ်ပင်တွေပိုပြီးအန္တရာယ်ရှိတယ်။ အရင်က ဒီဘက်မှာကားလမ်းဘေးမှာလည်း တောင်ဇလပ်ပင်တွေအများကြီးပါ၊အခုတော့ တကယ့်တောနက်ထဲမှာပဲကျန်တော့တယ်” လို့ပြောပါတယ်။

တခြားသစ်မာတွေလမ်းပေါ်မှာသယ်ယူနေတာတွေ့ရင် သက်ဆိုင်ရာသစ်တော၊ ရဲတွေကအရေးယူဖမ်းဆီးကတာရှိပေမယ့် တောင်ဇလပ်ပင်ခုတ်ပြီး ဆိုင်ကယ်၊ကားနဲ့သယ်ယူနေတဲ့သူတွေကို သက်ဆိုင်ရာသစ်တော၊ ရဲတွေကဖမ်းဆီးအရေးမှုတွေမရှိပါ။ ဒါ့ပြင် တောင်ဇလပ်ဝိုင်ကိုလည်း မြို့ပေါ်တွင်အတားဆီးမရှိလွတ်လပ်စွာရောင်းဝယ်နေကြပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်