၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ နှင့် မပြီးသေးသော ချင်းပြည်တည်ဆောက်ရေး

R.Lakher

ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ သည် ချင်းပြည်သူများ အမြတ်တနိုးတန်ဖိုးထားသော နေ့ထူးနေ့မြတ်ကြီး ဖြစ် ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၆  (၁၉၄၈) တွင် ဦးဝမ္မသူးမောင် ဦးဆောင်ပြီး ချင်းညီလာခံ တစ်ရပ်ကို ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ထိုညီလာခံကို ချင်းပြည်သူများ စည်းစည်းလုံးလုံးဖြင့် ကိုယ်စားလှယ်ပေါင်း ၅၀၀၀ ကျော်တက်ရောက် ခဲ့ကြပါသည်။ ထိုညီလာခံကို တက်ရောက်သော ကိုယ်စားလှယ်များသည် အစဥ်ဆက် ချင်းလူမျိုးများကျင့်သုံးလာခဲကြသော ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်(Feudal system) ကိုစွန့်ပြီး ဒီမိုကရေစီစနစ် (Democracy System) ကို စတင်ကျင့်သုံးရန် ဆုံးဖြတ် ခဲ့ကြသည်။

ထိုကာလတွင် ကမ္ဘာပေါ်၌ ဒီမိုကရေစီနိုင်ငံများ အနည်းအကျဉ်းမျှသာ ပေါ်ထွန်းသေးသည်။ အိမ်နီးချင်း အိန္ဒိယ နိုင်ငံ  ပင်လျှင် လွတ်လပ်ရေး ရခါစ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် စတင်ပြင်ဆင်နေသော ကာလ ဖြစ်သည်။ ဒီမိုကရေစီဟု ဆိုရာတွင် ဒီမိုကရေစီ၏ စံတန်ဖိုးများ ဖြစ်ကြသော လူ့အခွင့်အရေး (Human Rights)၊ တန်းတူရေး (Equality)၊ တရားမျှတမှု (Justice)၊ လွတ်လပ်မှု (Freedom)  စသည့် အချက် များ အားလုံး ပါသည်။ ယနေ့ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံအားလုံးနီးပါးသည် ချမ်းသာကြွယ်ရကြသည်ကို တွေ့ရသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့်  ထိုခေတ်ကချင်းအမျိုးသားခေါင်ဆောင်များ၏ နိုင်ငံရေးအမျှော်အမြင် ကြီးမားမှု နှင့် ဒီမိုကရေစီ စနစ်၏ ကောင်းကျိုးများကို ကောင်းစွာ သိရှိနား လည်ခဲ့ကြသည်ကို မြင်တွေ့ နိုင်ပါသည်။

ထို့ကြောင့် ချင်းအမျိုးသားနေ့သည် လွန်ခဲသော နှစ်ပေါင်း ၇၀ ကျော်က ချင်းပြည်သူများ စည်းစည်းလုံးလုံး တခဲနက် ဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲသည့်နေ့ဖြစ်သောကြောင့် ချင်းလူမျိုးများ အ တွက် နေ့ထူးနေ့မြတ်ကြီးဖြစ်နေသည်။

ချင်းပြည်တည်ဆောက်ရေးကြိုးပမ်းမှုကို သုံးသပ်ခြင်း

ယနေ့ ကျရောက်သော ၇၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းတော်လှန်ရေးခေါင်ဆောင်များ နှင့် ချင်းပြည်သူတစ်ရပ်လုံးက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ နှင့် ချင်းအမျိုးသားတည်ဆောက်ရေးများကို လေးလေး နက်နက်ပြန်သုံးသပ်ရန် အင်မတန်အရေးကြီးသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က အုတ်မြစ်ချ တည်ဆောက်ခဲ့ကြသော စည်းလုံးမှု (Unity) သည် တဖြည်း ဖြည်း  ယိုယွန်းပျက်စီးလာသည်ကို စိတ်မကောင်းစွာတွေ့ရပါသည်။ ဥပမာ- လက်ရှိ CNF ဦးဆောင် သော Chinland Council (Chinland Government) နှင့် Interim Chin National Consultative Council-ICNCC (Chin Brotherhood) ဆိုပြီး နှစ်ခြမ်းကွဲနေသည်ကို မြင်ကြရသည်။ ထို့အပြင်မရာ (ချင်း) လူမျိုးစု ထဲတွင် Maraland Defense Force (MDF) နှင့် CDF-Mara ဆိုပြီး နစ်ဖွဲ့ကွဲနေသည်။ မရာ (ချင်း) အရေးတွင် Chin National Front (CNF) အပါအဝင် ချင်းအဖွဲ့အစည်း များအနေဖြင့် မရာ (ချင်း) နှစ်ဖွဲ့စည်းလုံး ရေးကို အားမပေးကြပဲ ငြိမ်နေ ကြသည် (သို့) ပိုပြီး ကွဲအောင်လုပ်နေသော လုပ်ရပ်များသည် ချင်းပြည် တည်ဆောက် ရေးကို ကြီးမား စွာ ထိခိုက် နေသောအချက်များ ဖြစ်ပါသည်။

ထို့ကြောင့် ဒီကနေ့ ချင်းလူမျိုးများ နေထိုင်ကြသော နိုင်ငံတကာ အသီးသီးတွင် ချင်းအမျိုးသားနေ့ကို ကျင်းပ ကြပြီး၊ ခေါင်းဆောင်အသီးသီးမှ မိန့်ခွန်းများပြောကြားရာတွင် ချင်းပြည်စည်းလုံးရေးပြဿနာ များကို ပြန်လည်သုံးသပ်ကြစေချင်ပါသည်။ မရာ (ချင်း) အရေး ကိုင်တွယ်ပုံတွေကို ပြန်လည်သုံးသပ် စေချင် ပါသည်။ ဒုတိယအချက် အနေဖြင်ဘိုးဘွားများ အုတ်မြစ်ချခဲ့ကြသော ဖက်ဒရယ် ဒီမိုကရေစီစနစ် ပြန် လည် ရရှိရေး  အတွက် ချင်းလူမျိုးများ စည်းစည်းလုံးလုံး ဆက်လက်တိုက်ပွဲဝင်ကြရန် ဖြစ်ပါသည်။ ဒီလို ဆက် လက် တိုက်ပွဲဝင်ရာတွင် စည်းလုံးရေး (Unity) သည် အရေးကြီးဆုံးဖြစ်ပါသည်။

အားလုံးပါဝင်သော (All Inclusive) ချင်းပြည်တည်ဆောက်ရေး ကို မည်ကဲ့သို့ အကောင်အထည်ဖော်ကြမည်နည်း?

၁။ ဆွေးနွေးညှိနှိုင်းမှု (Dialog) များများလုပ်ရမည်

ချင်းလူမျိုးသည် အင်မတန် စုံလင်ကွဲပြားပါသည်။ လူဦးရေ နည်းသလောက် လူမျိုးစု ကွဲပြားမှု များလှသည်။ ထို့ကြောင့် ချင်းလူမျိုးများအကြား နိုင်ငံရေးအမြင်ကွဲပြားမှု များသည်လည်း သဘာဝကျ လှသည်။ ထို့ကြောင့် ယနေ့ကြုံနေရသော အခက်ခဲတွေကို ကျော်လွှားဖို့ရန် ပထမဆုံးအဆင့်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများများလုပ်ဖို့လိုပါမည်။ ချင်းလူမျိုး ၅၃ မျိုး ရှိတယ်ဆိုရင် အနည်းဆုံး ၅၃ ကြိမ် ဆွေးနွေးညှိနှုင်းဖို့လိုပါမည်။ အမြင်မတူခြင်းများကို အလျော့အတင်းလုပ်ပြီး အဖြေရှာကြရန် အရေးကြီး လှသည်။ စည်းလုံးမှုကို ကွဲပြားစေသောပြဿနာများကို မကြီးမားလာခင် ထိထိရောက်ရောက်ဖြေရှင်းရန် အရေးကြီးသည်။

၂။ Bottom- Up Approach နဲ့ သာ ချင်းပြည်ကို တည်ဆောက်နိုင်မည်။

ချင်းလူမျိုးများဟာ ရှေးခေတ်ကတည်းက ကိုယ့်လူမျိုးစုအလိုက် ကိုယ်ပိုင်အုပ်ချုပ်လာခဲ့ကြခြင်းဖြစ်သည်။ Central Government မရှိသော Local Government နဲပဲ့ အုပ်ချုပ်လာခဲကြဖြစ်ပါသည်။ ထို့ကြောင့် ချင်းပြည် တည်ဆောက်ရေးတွင် Top-Down Approach ဟူသမျှသည် အလုပ်ဖြစ်မည်မဟုတ်ပါ။ အကောင်းဆုံး နည်း လမ်း ကတော့ အောက်ခြေပြည်သူလူထု ကနေ စပြီး၊ ပြည်သူလူထု၏ ဆန္ဒသဘောထား၊ ပြည်သူလူ၏ အသံ၊ ထောက်ခံမှု တွေနဲ့သာ ချင်းပြည်ကိုတည် ဆောက်နိုင်မည်ဖြစ်သည်။ 

၃။ Chin National Front (CNF) အပေါ်များစွာမူတည်။

နစ်ပေါင်း ၃၀ ကျော် ရပ်တည်လာခဲ့သော CNF အပေါ်တွင် ချင်းပြည်အရေးသည် များစွာမူတည်နေသည်။ CNF ဟုဆိုရာတွင် တခြားသော ချင်းလက်နက်ကိုင်များ ၊အင်အားစု အဖွဲ့များအနေဖြင့်လည်း တာဝန်မကင်းပေ။ သို့သော် လက်ရှိတွင် CNF သည် ချင်းပြည်၏ နိုင်ငံရေး၊စစ်ရေးနှင့် တခြားသော အရေးများတွင် Main Stakeholder ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

CNF ၏ နိုင်ငံရေး ခံယူချက်၊ ချင်းအရေးကို ချဥ်းကပ်ပုံ နှင့် ကိုင်တွယ်ပုံ၊ ချင်းအနာဂတ်အတွက် CNF ၏ Vision များသည် အင်မတန် အရေးကြီးပါတယ်။ ချင်းပြည်တည် ဆောက်ရေးတွင် CNF အနေဖြင့် သဘောထားကြီး ဖို့လိုမည်။ လက်ရှိအနေအထားအရ ချင်းလက်နက်ကိုင်များတွင် ၎င်းသည် အင်အားအကြီးဆုံးဖြစ်သည့်နည်းတူ CNF ၏ ချင်းအရေးကိုင်တွယ်ပုံ မမှန်ပါက ချင်းလူမျိုးများ ပိုမိုကွဲပြားလာမည်၊ ချင်းလူမျိုးများအကြား ပြဿနာ ပိုပြီး များလာမည်သာ ဖြစ်သည်။ ထို့ကြောင့် CNF အနေဖြင့် ချင်းအရေးကိုင်တွယ်တဲ့နေရာမှာ စေတနာ ပါပါ၊ ရိုးရိုး သားသား၊ ပွင်းလင့်မြင်သာမှုများဖြင့် ကိုင်တွယ်ရန် လိုအပ်မည်ဖြစ်သည်။

၄။ No-one Left Behind Policy ဖြင့်သွားရန်လို။

ချင်းပြည်တည်ဆောက်ရေးတွင် ပါဝင်သင့်ပါဝင်ထိုက်သော တော်လှန်ရေးအဖွဲ့အစည်းများအားလုံး (stakeholders)  အားလုံး တစ်ဖွဲ့မကျန် တော်လှန်ရေးခရီးတွင် အတူ ဖိတ်ခေါ် လက်တွဲ ရန်အရေးကြီးပါသည်။ ဤကဲ့သို့ ပြုလုပ်ရာ တွင် အဖွဲ့တစ်ဖွဲ့ကို ချန်လှပ်ထားခြင်း၊ လူမျိုးစု တစ်စုကို ချန်ထားချင်းများ မပြုသင့်ပေ။ လူငယ်များ၏ အသံ၊ မိန်းကလေးများ၏အသံများ၊ လူနည်းစုများ ၏ အသံများ စုံလင်စွာပါဝင်ရန် အင်မတန် အရေးကြီးပါသည်။

အကြိမ် ၁၀၀ မြောက် ချင်းအမျိုးသားနေ့အတွက် ဆန္ဒပြုဆုတောင်းချက်

လာမည့် နှစ်ပေါင်း ၂၀ ကျော် အကြိမ် ၁၀၀ မြောက် ချင်းအမျိုးသားနေ့ (100 th Anniversary of Chin National Day) ကျင်းပရာတွင် ယနေ့ကျင်းပနေသော ချင်းအမျိုးသားနေ့ အနှစ်သာရနှင့်မတူပဲ  လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က ချင်းအမျိုးသားခေါင်းဆောင်များ အုတ်မြစ်ချခဲ့ကြသော စည်းလုံးမှု (Unity) နှင့် ဖက်ဒရယ် ဒီမိုကရေစီ (Federal Democracy) စနစ်ကို အပြည့်အဝ ကျင့်သုံးပြီး ချင်းအမျိုးသား အောင်ပွဲ များကို ဆင်နွဲ့သည့် နေ့အဖြစ်မြင်ချင်ကြမည်ဟု ထင်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်မှ လွတ်မြောက်ပြီး စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး စသည်တို့တွင် မြန်မာနိုင်ငံ၌ နောက်ဆုံးအဆင့်မဟုတ်ပဲ ရှေ့မှ ဦးဆောင်သော လူမျိုး (ပြည်) အဖြစ် ချင်းလူမျိုးကို လာမည့် အကြိမ် ၁၀၀ မြောက် ချင်းအမျိုးသားနေ့တွင် မြင်ချင်လှပါကြောင်း တင်ပြရင်း….

R. Lakher

Chin Politics and Revolution Observer

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်