ဇွန်၂၂ ၊ ၂၀၂၆
Zalen
ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNA နဲ့ CDF-Lautu တို့ကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ပေါ့သေးသေးကိစ္စမဟုတ်ဘဲ နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရေးအတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ CDF-Lautu ဘက်က ပြောကြားလိုက်ပါတယ်။
CDF-Lautu ရဲ့ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက်က CNA ဘက်မှ ဆာဂျင်အဆင့်ရှိ တပ်ဖွဲ့ဝင်တဦးက လောက်တူဒေသရှိ ကျေးရွာတရွာတွင် အရက်မူးနေစဉ် CDF-Lautu ရဲဘော်များကို ဆိုင်ကယ်ဖြင့် တိုက်မိရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယင်းနောက် ပြဿနာမှာ ပိုမိုကြီးထွားလာခဲ့ပြီး CNA ဘက်မှ Captain အဆင့်ရှိသူတဦး ဦးဆောင်ကာ CDF-Lautu စခန်းတခုအတွင်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ CDF-Lautu က ပြောထားပါတယ်။

“သူတို့ရဲ့ ဂိတ်တခုမှာရှိတဲ့ ရဲဘော်တွေအားလုံး Captain အဆင့်ရှိတဲ့ လူက ဦးဆောင်ပြီးတော့ စခန်းကို ဝင်စီးတဲ့အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စခန်းမှာရှိတဲ့ ရဲဘော်တွေကို ညှင်းပန်းနှိပ်စက်တယ်၊ သေနတ်တွေ ဖောက်တယ်။ လက်နက်တွေပါ သိမ်းတဲ့အထိ ဖြစ်သွားပါတယ်” ဟု CDF-Lautu လက်ထောက်အထွေထွေအတွင်းရေးမှူး Salai Pa Bi က Zalen ကိုပြောပါတယ်။
ဒါ့အပြင် အဆိုပါဖြစ်စဉ်အတွင်း ကျေးရွာအတွင်း သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ ထိတ်လန့်ခဲ့ရကြောင်းလည်း ၎င်းကဆိုထားပါတယ်။
CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ယင်းဖြစ်စဉ်မှာ အောက်ခြေရဲဘော်များအကြား ဖြစ်ပွားခဲ့တဲ့ ကိစ္စသာဖြစ်ပြီး နယ်မြေခံတပ်မှူးများက ညှိနှိုင်းဖြေရှင်းထားပြီးဖြစ်ကြောင်း ဇွန်လ ၁၆ ရက်တွင် မီဒီယာအချို့သို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် CDF-Lautu ဘက်ကတော့ ယင်းပြောဆိုချက်ကို ငြင်းဆိုထားပြီး လက်ရှိအချိန်အထိ နှစ်ဖက်ခေါင်းဆောင်များအကြား တရားဝင်တွေ့ဆုံညှိနှိုင်းမှု မရှိသေးကြောင်း ပြောထားပါတယ်။
CDF-Lautu ရဲ့ ပြောကြားချက်အရ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇွန်လ ၁၄ ရက်တွင် ၎င်းတို့ဘက်မှ အရာရှိများကို ညှိနှိုင်းဆွေးနွေးရန် စေလွှတ်ခဲ့သော်လည်း CNA ဘက်မှ Captain အဆင့်ရှိသူမှာ နေရာမှ ထွက်ခွာတိမ်းရှောင်သွားခဲ့ကြောင်း သိရပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ လူကြီးတွေဘက်က တာဝန်ယူ တာဝန်ခံကာ တွေ့ဆုံဆွေးနွေးညှိနှိုင်းတာမျိုး လုံးဝမရှိသေးပါဘူး” လို့ CDF-Lautu ဘက်က ဆိုပါတယ်။
CDF-Lautu က အဆိုပါကိစ္စအား အချိန်မီ မဖြေရှင်းနိုင်ပါက တပ်ဖွဲ့နှစ်ဖွဲ့အကြား အောက်ခြေရဲဘော်များရဲ့ မကျေနပ်မှုများ ပိုမိုကြီးထွားလာနိုင်ပြီး ရှေ့တန်းစစ်မြေပြင်အထိ သက်ရောက်မှုရှိလာနိုင်ကြောင်း သတိပေးထားပါတယ်။
ဒါ့အပြင် ချင်းပြည်ကောင်စီအဖွဲ့ဝင် တပ်ဖွဲ့အချင်းချင်းကြား ယခုကဲ့သို့ အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ်များဟာ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ချင်းနိုင်ငံရေးအပေါ် ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်းလည်း ပြောပါတယ်။
CDF-Lautu ဘက်က CNA ခေါင်းဆောင်ပိုင်းအနေဖြင့် ယင်းဖြစ်စဉ်အပေါ် တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းနဲ့ အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် လူကြီးချင်း တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
“ဒီကိစ္စကို ပေါ့သေးသေးကိစ္စလို့ မြင်လို့မရဘူး။ ရဲဘော်တွေချင်း အရက်မူးပြီး ရန်ဖြစ်ကြတာက ပုံမှန်ဖြစ်နိုင်ပေမယ့် အခုလို စခန်းဝင်စီးတဲ့အဆင့်အထိ ရောက်တာကတော့ အင်မတန် ရုပ်ဆိုးအကျဉ်းတန်ပါတယ်။ ဒီလိုမျိုးက အောက်ခြေရဲဘော်တွေ အချင်းချင်းရှင်းရမယ့်ကိစ္စ မဟုတ်ဘူး။ ခေါင်းဆောင်းချင်းတွေ့ပြီး ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်” လို့ CDF-Lautu ဘက်က ပြောကြားထားပါတယ်။
သတင်း – Abraham










