ထိုင်းရောက် မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ကို ဇီဝအချက်အလက်ပါ ID ကတ်များ စတင်ထုတ်ပေး

ဇွန် ၂၂ ၊၂၀၂၆
Zalen

ထိုင်း-မြန်မာနယ်စပ် ယာယီခိုလှုံရာစခန်းများရှိ မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ကို ထိုင်းအစိုးရက ဇီဝအချက်အလက် (Biometric Data) နှင့် QR ကုဒ်များ ပါဝင်တဲ့ အစိုးရ သက် သေခံကတ်ပြား (ID Cards) တွေ စတင်ထုတ်ပေးနေပြီး ဒီစီမံကိန်းက လူဦးရေစီမံခန့်ခွဲမှု ပိုမိုကောင်း မွန်စေရန်နှင့် စာရွက် စာတမ်းအတုပြုလုပ်ခြင်း‌ တွေကို လျှော့ချရန် ရည်ရွယ်ထားတာလို့ သိရပါတယ်။

အဆိုပါအစီအစဉ်ကို ရာ့ချ်ဘူရီ (Ratchaburi) ပြည်နယ်၊ စွမ်းဖိန်း (Suan Phueng) ခရိုင်ရုံးမှာ ဇွန်လ ၁၈ ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ထုတ်ပေးလိုက်တဲ့ သက်သေခံကတ်ပြားများမှာ လက်ဗွေရာနှင့် မျက်နှာသွင်ပြင်စတဲ့ ဇီဝအချက်အလက်‌ တွေထည့်သွင်းထားပြီး အစိုးရဒေတာဘေ့စ်နှင့် ချိတ်ဆက်ထားသလို QR ကုဒ်ပါရှိတဲ့ ဒီစနစ်က မည်သူမည်ဝါဖြစ်ကြောင်း လိမ်လည်မှုနှင့် လူကုန်ကူးမှုကို တိုက်ဖျက်ရန်နှင့် ဆယ်စုနှစ်များစွာရှိနေပြီဖြစ်တဲ့ ဒုက္ခသည်‌ တွေကို ပိုမိုကာကွယ်ပေးနိုင်ရန် ဒီဇိုင်းထွင်ထားတာလို့ ဆိုပါတယ်။

Zalen ad

ကတ်ပြားများကို အဆင့်လိုက်ထုတ်ပေးမှာဖြစ်ရာ လက်ရှိမှာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ ဒုက္ခသည် တွေကို ဦးစားပေးထုတ်ပေးနေပြီး နောက်ပိုင်းမှာ အသက် ၅ နှစ်အထက်ရှိသူ အားလုံးကို တိုးချဲ့ထုတ်ပေးမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက ထိုင်းအစိုးရက ဒုက္ခသည် တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုခဲ့ပြီးနောက် လက်ရှိမှာ မြန်မာဒုက္ခသည် ၅,၅၀၀ ကျော် တရားဝင်လုပ်ငန်းခွင် ဝင်ရောက်နေပြီဖြစ်ပါတယ်။

ဒီကတ်ပြား တွေကြောင့် နောက်ပိုင်းမှာ ထိုင်းနိုင်ငံသားအဖြစ် တောင်းဆိုလာနိုင်မယ့်အပေါ် ထိုင်းနိုင်ငံအတွင်း စိုးရိမ်မှုအချို့ ရှိနေပေမယ့် ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက ယခုကတ် ပြားဟာ ထိုင်းနိုင်ငံသားအဆင့်အတန်း သို့မဟုတ် ရပိုင်ခွင့်ကို လုံးဝပေးအပ်ခြင်းမရှိဘဲ၊ မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာသူအဖြစ်သာ အသိအမှတ်ပြု ကတ်ပြားဖြစ်တယ်လို့ အတိအလင်း ရှင်းလင်းထားပါတယ်။

နယ်စပ်စခန်းများရှိ ဒုက္ခသည် ၈၀,၀၀၀ ခန့်ရဲ့ ၄၅ ရာခိုင်နှုန်းနီးပါးမှာ ဒုက္ခသည်စခန်းမှာပင် မွေးဖွားခဲ့ကြပြီး မြန်မာနိုင်ငံကို တခါမျှ မရောက်ဖူးသူများဖြစ်သလို ၎င်းတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာမှုအကူ အညီကိုသာ မှီခိုခဲ့ရပြီး တရားဝင်စာရွက် စာတမ်းမရှိလို့ အလုပ်အကိုင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူရန် အလွန်ခက်ခဲခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီအစီအစဉ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ UNHCR အရာရှိ Tammi Sharpe က စာရွက်စာတမ်းရရှိခြင်းသည် ဒုက္ခသည်များ အကူအညီအပေါ် မှီခိုနေရမှုမှ ကျော်လွန်ကာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်မယ့်အခြေခံအုတ်မြစ်ဖြစ်ပြီး ထိုင်းစီးပွားရေးကိုလည်း အထောက်အကူပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

UNHCR ရဲ့ လက်ထောက်မဟာမင်းကြီး Raouf Mazou ကလည်း ဒီကတ်ပြား တွေကမြန်မာဒုက္ခသည် တွေအတွက် ကာကွယ်စောင့် ရှောက်မှုနှင့် အခွင့်အလမ်းများဆီသို့ ဦးတည်တဲ့ တံခါးပေါက်ဖြစ်သလို ရေရှည်နေရပ်စွန့်ခွာမှုဒဏ် ခံရတဲ့ အခြားနိုင်ငံများအတွက်ပါ သင်ခန်းစာယူစရာ စံနမူနာကောင်းတခုဖြစ်တယ်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

အဆိုပါ ကတ်ပြားထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွက် UNHCR က ဘဏ္ဍာရေးအရ ပံ့ပိုးကူညီခဲ့ပြီး ဒီလုပ်ဆောင်ချက်က ဒုက္ခသည် တွေကို အလုပ်အကိုင်အခွင့်အလမ်း ဖွင့်လှစ်ပေးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ထိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် (Cabinet Resolution) အောက်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိ မြန်မာ့ပဋိပက္ခကြောင့် နယ်စပ်ဖြတ်ကျော်မှုများကိုလည်း အေဂျင်စီများက ဆက်လက်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

သတင်း – ညီစေ

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ဗုံးကြဲ

၂၁ ၊ဇွန် ၊၂၀၂၆Zalen ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့အရှေ့ခြမ်း နေရာတွေကို စစ်ကောင်စီတပ်က တရက်တွင်း ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ ဗုံးလာကြဲတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ တံတားဦး ...

ဆက်ဖတ်ရန်