လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ဒေသခံတွေရဲ့ လူမှုဘဝနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ကြုံတွေ့နေ

ဇွန် ၂၃၊ ၂၀၂၆
Zalen

ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ လူမှုစီးပွားဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးသလို လူနေအိမ်တွေ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံတွေ ထိခိုက်ပျက်စီးမှုတွေ တိုးပွားလာတယ်လို့ သိရပါတယ်။

ဒါကြောင့် လေကြောင်းရန်ကို စိုးရိမ်ရတဲ့အတွက် ဒေသခံများမှာ နေအိမ်တွေမှာ ဆက်လက်နေထိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

Zalen ad

“ဗုံးကြဲတာက နေ့ရော့ ညပါ လုပ်တာကြောင့် အိမ်ထဲမှာတောင် မနေရဲတော့ဘူး။ လေယာဉ်သံကြားတာနဲ့ တောတောင်တွေ၊ မြေအောက်တုတ်ကျင်းတွေနဲ့ တောင်ကြားတွေမှာ အမြန်ဆုံး တိမ်းရှောင်ပုန်းအောင်းနေကြရတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ပြင်းထန်စွာ ခံစားနေကြရတယ်လို့ သိရပါတယ်။

ညအချိန်တွေမှာလည်း လေယာဉ်သံကို အမြဲစိုးရိမ်နေရသဖြင့် ပုံမှန်အိပ်စက်နိုင်ခြင်းမရှိဘဲ အချိန်ပြည့် သတိဝီရိယဖြင့်သာ ဖြတ်သန်းနေရပါတယ်။

“ညဘက်ဆိုရင် လေယာဉ်သံ ကြားရမလားဆိုပြီး နားစွင့်နေရတာမို့ ပုံမှန်အိပ်စက်ဖို့ မလွယ်တော့ဘူး။ အမြဲတမ်း စိတ်ပူပန်နေရတဲ့ ဒီဘဝက စိတ်ရောလူပါ အရမ်း ပင်ပန်းပါတယ်” လို့ မတူပီဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

လက်ရှိအချိန်ထိ ချင်းပြည်နယ် နေရာအနှံ့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှု ရှိနေဆဲပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်း စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် သားအမိနှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ပါတယ်။

သတင်း-ခူမီး

#ချင်းပြည်နယ်#လေကြောင်းတိုက်ခိုက်#လူမှုဘဝ#ကျန်းမာရေး#Zalen

နောက်ဆုံးရသတင်းများ

လာမယ့်နှစ်မှာ BIMSTEC အတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမယ်

ဇွန် ၂၃၊ ၂၀၂၆Zalen လာမယ့်နှစ်မှာ ဘင်္ဂလားပင်လယ်အော်အဖွဲ့အစည်းဖြစ်တဲ့ BIMSTEC ရဲ့ အတွင်းရေးမှူးချုပ် တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပိုပြီးပွင့်လင်းလာပြီဖြစ်သလို၊ BIMSTEC အဖွဲ့အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ...

ဆက်ဖတ်ရန်