ကလေးမြို့ မြို့မရဲစခန်းမှ ရဲဝန်ထမ်းအများစုဟာ CDM တွင်ပါဝင်လာကြလို့ မုံရွာရဲတပ်ရင်းမှ အင်အား ၅၀ ထပ်ဖြည့်နေရတယ်လို့ သတင်းရရှိပါတယ်။
လက်ပံချောင်းရဲကင်းမှ CDMတွင်ပါဝင်သူ ရဲဒုတပ်ကြပ်တစ်ဦးက “ရဲကင်းမှူး ဆီမှာတော့ ပါးစပ်နဲ့ ပြောတယ်။ သူကလည်း နင်တို့သဘောပဲလို့ပြောတယ်။ မတ် ၁ ရက်နေ့ ညနေ ၄နာရီ ၅ နာရီလောက်မှာ ပြောတာ။ ပြောပြီးပြီးချင်းထွက်လာတယ်။ အဲ့ဒီမနက်က လ.ဝ.ကရုံးရှေ့မှာပစ်တဲ့ဟာ မပေါက်လို့စိတ်ထဲကနေအရမ်းကျေးဇူးတင်တယ်။ မပေါက်ခဲ့လို့ပျော်တာပေါ့။ အသံဗုံးဆိုလည်းမပေါက်ခဲ့ဘူး။ ရဲကင်းကိုပြန်ရောက်တော့ တန်းထွက်တော့တာ။ ကျနော်တို့က ပြည်သူနဲ့ထိပ်တိုက်တွေ့ရမှာဆိုတော့လေ။ ပြည်သူတွေက ကိုယ့်ရဲ့ဆွေမျိုးသားချင်း သူငယ်ချင်းတွေပဲဆိုတော့ လုံခြုံရေးပေးတဲ့ချိန်ကျရင်အဆင်မပြေတော့ဘူးလေ။ လူကြီးတွေက ပစ်မိန့်ပါပေးထားတော့ အဲ့ဒါတော့ လုံးဝမဖြစ်နိုင်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ ကျနော်တို့ ၁ ရက်နေ့တုန်းကဆိုလည်း စိတ်ဓာတ်ကတော်တော်ကျနေပြီ။ ဘယ်သူမှထိန်းမရတော့ဘူး။ အဲ့ဒါမျိုးလုပ်ခိုင်းနေမယ့်အစား ကိုယ့်ဟာနဲ့ကိုယ်ထွက်တာပဲကောင်းပါတယ်။ ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ်တိုင်ပဲခံမှာပေါ့။ ပစ်တယ်ဆိုတာက အဓိကရုန်းနိုင်နှင်းရေးလက်နက်တွေနဲ့ပစ်ခိုင်းတယ်။ ဒီအမိန့်က မထွက်အချင်းလွန်ဆန်လို့မရဘူးလေ။ ရဲကင်းမှူး၊ မြို့နယ်မှူးတို့ကတော့ တစ်ရက် နှစ်ရက်လောက်စောင့်ပါအုံးပြောပေမယ့် အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာမသိဘူးလေ။ မထွက်ဖြစ်ခဲ့ရင် စစ်အာဏာရှင်ဘက်ပါနေသလိုဖြစ်နေတယ်ဆိုတော့လေ။ အဲ့လိုအမြင်ကို မခံချင်တော့ဘူး” လို့ပြောပါတယ်။
လက်ပံချောင်းကျေးရွာဟာ ကလေးမြို့ အနောက်မြောက်ဘက်မှာတည်ရှိပြီး မြို့ထဲကနေ ၁၀ မိုင်နီးပါးကွာဝေးပါတယ်။ လက်ပံချောင်းရဲကင်းတွင် အရာရှိ ၂ ဦး နဲ့ အခြားအဆင့် ၇ ဦးရှိပါတယ်။
ပြီးနောက် ကလေးမြို့ မြို့မရဲစခန်းတွင်လည်း ရဲဝန်ထမ်းတွေ CDM မှာပါဝင်တဲ့သူများလို့ မုံရွာဘက် ရဲဝန်ထမ်းတွေ ထပ်ဖြည့်ပေးနေရတယ်လို့ သတင်းရရှိပါတယ်။
ကလေးမြို့ မြို့မရဲ့စခန်းမှာ တာဝန်ကျပြီး CDM မှာပါဝင်တဲ့ ရဲတပ်သားတစ်ဦးက “မြို့မရဲစခန်းမှာတာဝန်ကျတဲ့ အားလုံးလိုလို CDM မှာပါဝင်ကြတယ်။ အိမ်ထောင်သည်တစ်ချို့ကတော့ ကျန်နေသေးတယ်။ လောလောဆယ်ကလေးမြို့ မြို့မရဲစခန်းက ရဲအင်အားကတော့အကုန်လုံး CDM မှာပါဝင်ကြတယ်။ အရာရှိအဆင့်တွေတော့ CDM လုပ်တာမရှိသေးဘူး။ ဒါပေမယ့် မုံရွာ ရဲတပ်ရင်းကနေ ကလေးမြို့ကို မနေ့ (မတ်၂ရက်)အင်အား ၅၀ ထပ်ဖြည့်လာတယ်။ ဘာလို့ CDM မှာပါဝင်တာလဲဆိုရင် ပြည်သူလူထုပေါ်ဒဏ်ရာအနာတရတွေမပေးချင်ဘူး။ အဲဒါကြောင့်” လို့ပြောပါတယ်။