ကျောက်ထုမှ မင်းတပ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

ဧပြီ ၂၉၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်မြောက်ပိုင်းရဲ့ ဗျူဟာကျတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ချင်းပြည်တောင်ပိုင်းရဲ့ အချက်အချာကျသော မင်းတပ်မြို့ဟာ စစ်ကောင်စီရဲ့ နောက်ထပ်ပစ်မှတ် ဖြစ်လာနေတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးနောက် တစ်ရက်အကြာမှာ ကျောက်ထု အမတ – ၃၆၈ မှ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မင်းတပ်မြို့နဲ့ ၁၂ မိုင်ခန့်သာ ဝေးတော့တဲ့ ကံကြီးရွာအထိ တက်လာပြီး အခြေကုပ်ယူ တပ်စွဲထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ မင်းတပ်မြို့အတွင်းသို့ ချက်ချင်းစစ်ကြောင်းထိုးဖို့ထက် အခြေစိုက်စခန်းသဖွယ် အထိုင်ချပြီး အင်အားဖြည့်တင်းနိုင်မယ့် အနေအထားကို စောင့်ကြည့်နေတာ ဖြစ်တယ်။

စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းနဲ့ တောင်ပိုင်းကို စစ်မျက်နှာပြိုင်ဖွင့်ခြင်းဖြင့် တော်လှန်ရေးအင်အားစုတွေရဲ့ ခဲယမ်း၊ အင်အားနဲ့ အရင်းအမြစ်များကို ခွဲထုတ်ရန် ကြိုးပမ်းနေတဲ့ ဗျူဟာကို သုံးစွဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့ကို တိုက်ခိုက်စဉ်ကကဲ့သို့ လူအင်အား ၁,၈၀၀ ဝန်းကျင်နဲ့ ခဲယမ်းအကန့်အသတ်မရှိ သုံးစွဲတဲ့ “ဆင်ကန်းတောတိုး” ဗျူဟာကိုသာ အဓိကထားနေပေမဲ့ လက်ရှိမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကျောက်ထုလေယာဉ်ကွင်းဟာ လုံခြုံရေးအာမခံချက် မရှိသဖြင့် လေကြောင်းမှ အင်အားဖြည့်ဖို့ ခက်ခဲနေပြီး ကုန်းကြောင်းကိုသာ အားကိုးနေရပါတယ်။

ဒါ့ပြင် နိုင်ငံတစ်ဝန်း စစ်မျက်နှာများပြားနေသဖြင့် ကလေးမြို့ (ဒကစ) မှ သင်တန်းကျောင်း အရာရှိများကိုပင် ရှေ့တန်းစစ်ကြောင်းမှာ ထည့်သွင်းအသုံးပြုနေရပါတယ်။

၂၀၂၅ ခုနှစ်အတွင်းကလည်း ပခုက္ကူဘက်မှ တက်လာသော အင်အားထောင်ချီ စစ်ကြောင်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းခံစစ်ကြောင့် ပုံတောင်ပုံညာဒေသမှာ ဆုတ်ခွာခဲ့ရတဲ့ သာဓကရှိပါတယ်။

စစ်ကောင်စီရဲ စစ်ရေးခြိမ်းခြောက်မှုအပေါ် မင်းတပ်တော်လှန်ရေး အင်အားစုတွေက အရင်ကထက် ပိုမိုခိုင်မာသော ခံစစ်ဖြင့် ပြင်ဆင်ထားတယ်လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။

ချင်းတောင်တန်းရဲ့ ခက်ခဲကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုဟာ ကျူးကျော်သူအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်ပြီး ဒေသခံရဲဘော်များအတွက် အကောင်းဆုံး လက်နက်ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံရှိ တပ်မှူးတွေ၊ စိတ်အားထက်သန်တဲ့ ရဲဘော်တွေနဲ့ အင်အားကြီးမဟာမိတ်အကြား စနစ်တကျ ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ထောက်ပို့လုပ်ငန်းတွေကို စစ်ပွဲကာလနဲ့အညီ လိုက်လျောညီထွေ ပြင်ဆင်ထားနိုင်ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြောက်ပိုင်းစစ်မျက်နှာ အခြေအနေကို စောင့်ကြည့်ပြီးမှသာ တောင်ပိုင်းကို အင်အားသုံးဖို့ ပြင်ဆင်နေပေမဲ့ မင်းတပ်တော်လှန်ရေး အင်အားစုများအတွက် အခုတိုက်ပွဲဟာ မိမိတို့ဒေသကို အပြီးတိုင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်မယ့် “အနှစ် ၁၀၀ မှာ တကြိမ်ရခဲတဲ့ အဆုံးအဖြတ်ပွဲ” အဖြစ် ရှုမြင်ကာ အဆင့်သင့် တုံ့ပြန်ရန် ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ- Ko Yaw Mang

#မင်းတပ်မြို့#စကစ#Zalen

နောက်ဆုံးရသတင်းများ

မုန်းချောင်းတံတားကို စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်တဲ့အရပ်သား‌အချို့ သေဆုံး / ထိခိုက်မှုများရှိ

ဧပြီ ၂၉ ၊၂၀၂၆Zalen ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့အနီးရှိ မုန်းချောင်းတံတားကို ဒီကနေ့ မနက် ၁၀ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ တံတားပြုပြင်သူတွေနဲ့ ‌တံတားအနီးအနားရှိ အရပ်သားပြည်သူတွေ ဗုံးထိမှန်ပြီး သေဆုံး/ထိခိုက်မှုတွေ များတယ်လို့ ...

ဆက်ဖတ်ရန်