ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှု နှင့် ကုန်စည်ပြပွဲ၏ နောက်ဆက်တွဲ သုံးသပ်ချက်

 

ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှု နှင့် ကုန်စည်ပြပွဲ၏ နောက်ဆက်တွဲ သုံးသပ်ချက်
SM (ပန်းလောင်)

ပြီးခဲ့တဲ့ မတ်လ ၁၆-၁၇ ရက်တွင် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တဲ့ ချင်းပြည်နယ် ရင်းနှီးမြှပ် နှံမှု နှင့် ကုန်စည်ပြပွဲ ကို အခွင့်ကြုံလို့ ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အရမ်းကိုကောင်းမွန်ပြီး အားရစရာကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။ တကယ်တမ်းမှာလည်း ချင်းပြည်နယ်ဟာ အခြား ပြည်နယ်နဲ့ တိုင်းတွေနဲ့စာရင် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုလုံးဝမရှိသေးတဲ့တစ်ခုတည်း သော နေရာအဖြစ် ကျန်နေသေးတာကို တွေ့ရတယ်။ အကြောင်းရင်းကတော့ ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သဘာဝသယံဇာတ များများစားစားမရှိတာကြောင့်လည်း ဖြစ်နိုင်သလို ချင်းပြည်နယ်အစိုးရ အနေနဲ့ ယခုလို ရင်းနှီးမြှပ်နှံမှုကို မဖိတ်ခေါ်ထားတာကြောင့် လည်း ဖြစ်နိူင်ပါတယ်။ ဘာပဲပြောပြော ကိုယ့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလိုအခင်း အကျဉ်းမျိုးဖြစ်လာအောင်လို့ ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ ချင်းပြည်နယ်အစိုးရ အပါအဝင် နည်းပညာ နှင့် အခြားလိုအပ်တဲ့အကူအညီကိုပံ့ပိုးခဲ့ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ကြောင်းပါ။

Photo: Zalen/ Salai Lal Nun Uk

တကယ်တမ်းမှာတော့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်တာ ဆယ်စုနှစ် နှစ်ခု ကျော်ခဲ့ပါပြီ။ အစိုးရဦးဆောင်လုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထက် နိုင်ငံတကာအဖွဲ့အ စည်းတွေ ဦးဆောင်ပြီးလုပ်ခဲ့တာကို တွေ့ရမှာပါ။ လုပ်ခဲ့တဲ့လုပ်ငန်းတွေကြည့်ရင် စိုက်ပျိုးမွေးမြူ ရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ နဲ့ အသေးစားချေးငွေ လုပ်ငန်းတွေကို လုပ်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်ဟာ လွန်ခဲ့တဲ့ နှစ် (၂၀) ဝန်းကျင်ကအတိုင်းပဲ ပြည်တွင်းမှာ အဆင်းရဲဆုံးဆိုတဲ့ အခြေအနေကိုတော့ ကျော်လွှားနိုင်ခြင်းမရှိသေးပါဘူး။ ကျေးလက်ပြည်သူတွေ ရဲ့ ဘဝဟာလည်း နဂိုမရှိလို့နကိုင်းမထွက်တာပဲလား၊ လုပ်ဆောင်တဲ့လုပ်ငန်းတွေပဲ မလုံလောက် တာလား၊ ဒေသခံပြည်သူလူထုရဲ့ လိုက်နာဆောင်ရွက်မှုပဲ အားနည်းခဲ့တာလည်းဆိုတာ ဝေခွဲမရ ဖြစ်နေဆဲပါ။ တကယ်တော့ ချင်းပြည်နယ် ဖွံ့ဖြိုးမှုနောက်ကျတာကို အကြောင်းပြုပြီး နိုင်ငံ တကာ အလှူရှင်တွေကို တောင်းခံခဲ့တဲ့ အလှူငွေဟာ ဒေါ်လာသန်းရာနှင့်ချီခဲ့ပြီဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အမည်ခံနဲ့ နိုင်ငံတကာ အလှူရှင် များထံကနေ ရရှိခဲ့တဲ့ အလှူငွေဟာ ၁၉၉၀ ခုနှစ် နှောင်းပိုင်း (သို့) ၂၀၀၀ ခုနှစ် အစောပိုင်းကာလ များ ကနေ ယနေ့အထိ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၂၀၀)နှင့်အထက်ရှိမယ်လို့ခန့် မှန်းရပါတယ်။ တကယ်တော့ ဒေါ်လာ သန်း (၂၀၀) ဆိုတဲ့ပမာဏ က မြို့နယ် (၉) ခု နဲ့စားလိုက် မယ်ဆိုရင် မြို့နယ်တစ်ခုချင်းစီရဲ့ ကျေးလက်ဒေသအတွက်ဒေါ်လာ (၂၂) သန်းစီ အနည်း ဆုံး ကျသင့်မှာဖြစ်ပြီး ယင်းပမာဏက မြန်မာကျပ်ငွေအားဖြင့် သန်း (၂၅၀၀၀) လောက်ရှိမှာဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေဟာ ဘာဖြစ်လို့ အောင်မြင်သင့်သလောက်မအောင်မြင်နိုင်တာလဲ? ကျွန်တော်မြင်တဲ့ အကြောင်းအရာ နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ လုပ်ငန်းတော်တော်များ များဟာ အလှူရှင်တွေသတ်မှတ်တဲ့ အောင်မြင်မှုအညွှန်းကိန်းအတိုင်း အကောင်အထည်ဖော်ရ တာ (Donor Requirement-Oriented) ရယ်၊ ဒုတိယတစ်ချက်ကတော့ လုပ်ငန်းများအပေါ် ပြည်သူလူထုရဲ့ ကိုယ်ပိုင်အသိစိတ် (Ownership Sense) အားနည်းတာရယ်ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်တွေ့မှာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းအများစုဟာ ကနဦးလိုအပ်မှုဆန်းစစ်ချက်တွေ ထက် အလှူရှင်တွေ သတ်မှတ်ထားတဲ့ မူဘောင်အတိုင်း စီမံကိန်းဒီဇိုင်းကိုရေးဆွဲကြတာ တွေ့ ရတယ်။ ဥပမာ တစ်ခုအနေဖြင့် ကမ္ဘာ့ဘဏ် ဦးဆောင်ပြီးလုပ်ခဲ့တဲ့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း တွေဟာ အခြားသောလုပ်ငန်းတွေထက် ပိုပြီး အောင်မြင်တာတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစီမံကိန်းက ပြည်သူလူထုကိုယ်တိုင် မိမိတို့လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး မိမိတို့ကိုယ်တိုင် အကောင်အထည်ဖော်ကြတာကြောင့်ဖြစ်တယ် (Community-Driven Projects)။ အမှန်တော့ စီမံ ကိန်းလုပ်ငန်းအားလုံးဟာ Community-Driven ဖြစ်သင့်တာပါ။ တစ်ဖက်မှာတော့ ကမ္ဘာ့ဘဏ် ဦးဆောင်တဲ့ စီမံကိန်းဟာ ထင်သာမြင်သာရှိတဲ့ အခြေခံအဆောက်အအုံ (Infrastructure) တွေ ဖြစ်နေတာကြောင့်လို့ဆိုစရာရှိတယ်။ ဆိုလိုရင်းကတော့ စီမံကိန်းတွေဟာ Community-Driven ဖြစ်ဖို့ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုဆိုလိုက်လို့ တစ်ခြားစီမံကိန်းတွေ မအောင်မြင်ဘူးလို့ ဆိုလို တာမဟုတ်ပါဘူး။ ကျန်းမာရေး ကဏ္ဍမှာဆိုရင် (အထူးသဖြင့် မွေးကင်းစကလေး နှင့် မိခင်များ ပြု စုစောင့်ရှောက်ရေး စီမံကိန်း MNCH Projects) ကျေးလက်နေ ပြည်သူတွေအတွက် တော်တော် အကျိုးပြုတာတွေရှိပါတယ်။ အဓိက ရည်စူးပြီးပြောချင်တာက စီမံကိန်းတွေဟာ အလှူရှင်ရဲ့ ကြို တင်သတ်မှတ်ထားတဲ့ မူဘောင်တွေထက် ဒေသရဲ့လိုအပ်ချက်အရ Redesign လုပ်ပြီး အကောင် အထည်ဖော်မယ်ဆိုရင် ဒီထက်ပိုအောင်မြင်နိုင်မလားဆိုတဲ့ အမြင်ပါ။ နောက်တစ်ခုကတော့ ကျွန် တော်တို့ ပြည်သူလူထုရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေအပေါ် ရှုမြင်တဲ့အမြင်ပါ။ တစ်ခါတစ်လေမှာ ပြည်သူလူထုကနေပြီး ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ မိမိတို့ရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးရေးစီမံကိန်းတွေအဖြစ် ရှုမြင်မဲ့အစား အကောင်အထည်ဖော်ပေးတဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းအဖြစ်ရှုမြင်တာမျိုးတွေ ရှိတတ်တယ်။ တကယ်ဆိုရင် ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မိမိတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းလိုမျိုး ခံစားပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်အောင်မြင်နိုင်မလားပေါ့။ ဒါကတော့ အမြင်အမျိုးမျိုးကွဲပြား နိုင်ပါတယ်။ ဘာပဲပြောပြော ချင်းပြည်နယ်အတွင်း ဝင်ရောက်လာခဲ့ပြီးဖြစ်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဟာ ငွေကုန်ကြေးကျများသလောက် ထိရောက်မှုအားနည်းတာကိုတော့ အားလုံးအသိပဲဖြစ်ပါ တယ်။ ဒီဟာကိုအကျယ်ချဲ့ပြောနေမယ်ဆိုရင် အများကြီးရှိနိူင်ပါတယ်။ အကျဉ်းချုပ်အာားဖြင့် ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေ မအောင်မြင်တာဟာ External Factors လို့ခေါ်တဲ့ ပြင်ပအကြောင်းတရား တစ်ချို့ကြောင့်ဖြစ်နိုင်သလို Internal Factors လို့ခေါ်တဲ့ ဒေသတွင်းအခြေအနေအကြောင်းတ ရားများစွာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အားလုံးနဲ့သွားချိတ်နေတာကတော့ ကျွန်တော်တို့ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေပါ။ ကောင်းမွန်တဲ့ အုပ်ချုပ်မှု မူဝါဒ (Good Governance/policy) နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ယန္တရားတစ်ရပ် လိုနေတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခု ချင်းပြည်နယ်မှာ ဝင်ရောက်လာာဖို့ အဆင်သင့်ရှိနေတဲ့ ရင်းနှီးမြှပ်နှံမှုတွေအကြောင်းဆက်လေ့ လာကြည့်ရအောင်။

Photo:Zalen/ Salai Lal Nun Uk

ယခုတစ်ကြိမ် ချင်းပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ရင်းနှီးမြှပ်နှံမှုရဲ့တန်ဖိုးက အမေရိကန်ဒေါ် လာ (၅၄) သန်းခန့်ရှိပါတယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ ရင်းနှီးမြှပ်နှံမှုဖိတ်ခေါ်တာ တကယ် ကျေနပ်စရာပါ။ သို့သော် တစ်ခုရှိတာက ယခုလိုချင်းပြည်နယ်အစိုးရ အနေနဲ့ ရင်းနှီးမြှပ်နှံမှုကို ခေါ်ဖိတ်လိုက်ရုံနဲ့ မပြီးသေးပါဘူး။ ယခုပြုလုပ်တဲ့ ရင်းနှီးမြှပ်နှံမှုပြပွဲဟာ ချင်းပြည်နယ်အစိုးရရဲ့ စေနနာမှန် ဆိုတာာငြင်းစရာမရှိပေမဲ့ ချင်းပြည်သူလူထုတစ်ခုလုံးကို လွှမ်းခြုံကိုယ်စားပြုတဲ့ အနေ အထားမရှိတာကိုလည်း ဂရုပြုရမယ်။ ပြည်နယ်အစိုးရအနေနဲ့ ဒီအကြောင်းအရာကို ပြည်သူလူထု ကိုချပြဖို့ (Public Consultation) လိုတယ်။ သဘောတရားက ဘယ်လိုစီမံကိန်းမျိုးတွေဝင်လာဖို့ ရှိတယ်၊ ဘယ်လိုလုပ်ဆောင်ကြရမယ်၊ ဘယ်သူတွေဘယ်လိုပူးပေါင်းပါဝင်ကြမယ်၊ သက်ဆိုင်ရာ ဒေသတွေအနေနဲ့ ဘယ်လိုအပိုင်းမှာ ဘယ်လောက်အတိုင်းအတာအထိ ပါဝင်ပတ်သက်ခွင့်ရှိ တယ် စတဲ့အကြောင်းအရာတွေကို ချပြရမယ်။ အရေးကြီးဆုံးအချက်က သက်ဆိုင်ရာ မြို့နယ် အသီးသီး၊ ကျေးလက်ဒေသအသီးသီးမှာ ရှိတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မှုကို ချပြပေးရမယ်။ သက်ဆိုင်ရာ ဒေသရှိပြည်သူလူူထုတွေရဲ့ ပူးပေါင်းပါဝင် မှုလို့ ဆိုတဲ့အခါ ကျောက်ခဲသယ်၊ မဆလာဖျော်တဲ့အဆင့် မဟုတ်ဘဲ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခန်း ကဏ္ဍ (Decision Making Role) မှာ ရာခိုင်နှုန်းဘယ်လောက်အထိ ပါဝင်ပတ်သက်ခွင့်ရှိတယ် ဆိုတာ ပိုပြီးအရေးကြီးပါတယ်။ ဥပမာအားဖြင့် ဟာခါးမြို့နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း စလုပ်မယ်ဆိုရင် သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ အစကနေအဆုံးအထိ စီမံခန့်ခွဲလုပ်ဆောင်တာ မျိုးမဟုတ်ဘဲ ဟားခါးမြို့နယ်က ဒေသခံတွေရဲ့ ပါဝင်ပတ်သက်မှုက အရေးကြီးပါတယ်။ ရှင်းရှင်း ပြောရရင် ဒီလိုမျိုးလုပ်ငန်းတွေလုပ်ဆောင်ဖို့က ကျွန်တော်တို့အတွက် အရမ်းစောနေသေးတာပါ။ ကျွန်တော်တို့မှာ ပြီးပြည့်စုံတဲ့ လူ့စွမ်းအားအရင်းအမြစ် (Perfect Human Resource) မရှိသေးတဲ့ အတွက် ခံစားသင့်သလောက် ခံစားခွင့်ရရှိမှာ မဟုတ်ဘဲ အလိမ်ခံရဖို့များမယ်။ တစ်နည်းအားဖြင့် သတ္တုရဲ့ အရည်အသွေးကို ဆုံးဖြတ်တဲ့အခါ တတ်သိနားလည်တဲ့ ဒေသခံပညာရှင်တွေ ရှိမနေဘူး ဆိုရင် အဆင့်ခွဲတဲ့အခါ (grading) အဆင့်-၁ (Grade 1) တန်ဖိုးရှိတဲ့ ပစ္စည်းကို အဆင့်-၃ (Grade 3) အဆင့်လောက်နဲ့ဈေးဖြတ်ပေးရင် နစ်နာမှုတွေရှိမှာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့မှာ တတ်သိပညာရှင်တွေ ရှိနေရင် အဆင့်-၁ တန်ဖိုးကို ယင်းတန်ဖိုးအတိုင်း အကျိုးခံစားရမှာဖြစ်ပါ တယ်။ ဒါကတော့ ဥပမာ သက်သက် သာ ဖြစ်ပြီး အများနားလည်လွယ်အောင်ရှင်းပြခြင်းသာ ဖြစ်ပါတယ်။

ထိုနည်း၎င်းပဲ အခြားစီမံကိန်းတွေလုပ်တဲ့အခါ သက်ဆိုင်ရာ ဒေသခံတွေရဲ့ အခန်းကဏ္ဍကို ချပြ ပေးဖို့လိုအပ်ပါတယ်။ အခုဝင်လာမယ့် ရင်းနှီးမြှပ်မှာ Norway Power Company Limited က အမေရိကန်ဒေါ်လာ သန်း (၅၀) နှင့် အများဆုံး ရင်းနှီးမြှပ်မှာဖြစ်ပြီး မြို့နယ်တော်တော်များများမှာ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်သွားမှာပါ။ ဒီစီမံကိန်းလုပ်ဆောင်မယ့် နေရာရှိ ပြည်သူလူထု နှင့်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့လိုအပ်သလို ရရှိလာမယ့် ရေရှည်အကျိုးရလဒ်ကို ပြည်သူတွေနား လည်အောင် ချပြပေးဖို့လိုအပ်ပါတယ်။ ယင်းအပြင် နားလည်မှုစာချွန်လွှာ (MoU) မှာပါတဲ့ အချက်အလက်တွေကိုပါ ချပြရမှာပါ။ ဒီလိုမဟုတ်ရင် မြစ်ဆုံကိစ္စလိုဖြစ်လာမှာ စိုးရိမ်စရာရှိမယ်။ မြစ်ဆုံကိစ္စမှာ အစိုးရအနေနဲ့ သက်ဆိုင်ရာ ပြည်သူလူထုကို နားလည်မှုစာချွန်လွှာမှာပါတဲ့ အချက် အလက်တွေ ချပြခဲ့ခြင်းမရှိတဲ့အတွက် (ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အတွက်) ယခုထိ ပြဿနာဖြစ်နေ တာ အများပြည်သူအသိပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မြစ်ဆုံကိစ္စမှာ ကချင်ပြည်သူလူအနေနဲ့ မိမိတို့ရရှိမယ့် အကျိုးကျေးဇူးကိုမသိရသလို မိမိတို့အခန်းကဏ္ဍကိုလည်း သိရှိခဲ့ခြင်းမရှိပါဘူး။ ဗဟိုအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာလုပ်ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် ပြဿနာများစွာနဲ့ရင်ဆိုင် နေခြင်းဖြစ်ပြီး ရှေ့ဆက်ရန်လည်း ခက်ခဲလို့နေတာဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရအနေနဲ့ စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါ သက်ဆိုင်ရာ ပြည်သူလူထုကို လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ချပြဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် အောင်မြင်တဲ့ လုပ်ငန်းစဉ်တစ်ခု အကောင်အထည်ဖော်နိုင်ဖို့ခက်ခဲမှာပါ။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ် ကိုယ်တိုင်ရဲ့ပူးပေါင်းပါဝင်မှု အရေးကြီးတယ်ဆိုတာကို ပြည်သူလူထုကို ချပြရမယ်။

နောက်ဆုံးအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ သက်ဆိုင်ရာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ထောက်ခံအားပေးမှု၊ စီမံကိန်းအကြောင်းအသေးစိတ် နားလည်းသဘောပေါက်မှု က စီမံကိန်းအောင်မြင်မှု အညွှန်းကိန်းရဲ့ (၅၀) ရာခိုင်နှုန်းလောက်ရှိပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ လူ့အသိုက်အဝန်းကို ဖော်ဆောင်ဖို့ ကြိုးစားနေဆဲ တိုင်းပြည်ဖြစ်လို့ စိန်ခေါ်များစွာ ရှိတာက အားလုံးအသိပဲဖြစ်ပါတယ်။ သို့သော် ဗဟိုအစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှု မရှိဘဲ အထူးအခွန်ကင်း လွတ်ခွင့် နှင့် ဝင်ရောက်လာမယ့် ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းမှာ မျှတမှုရှိတဲ့ စီမံကိန်းဖြစ် လာဖို့ နှင့် ပွင့်လင်းမြင်သာမှုရှိတဲ့ စီမံကိန်းတွေ ဖြစ်လာဖို့ အများပြည်သူကမျှော်လင့်နေကြပါ တယ်။ ချင်းပြည်နယ်အစိုးရ အနေနဲ့ လက်ရှိဝင်ရောက်လာမယ့် ရင်းနှီးမြှပ်နှံမှုကို တာဝန်ယူမှု တာဝန်ခံမှုအပြည့် နှင့် အကောင်အထည်ဖောာ် ဆောင်ရွက်နိုင်ဖို့လိုအပ်မှာဖြစ်သလို ရင်းနှီးမြှပ်နှံ မည့် နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း နောက်ထပ်များစွာသော စီမံကိန်းများအတွက် ဆွဲဆောင်နိုင်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ အဓိကအားဖြင့် ယခုဝင်ရောက်လာမည့် စီမံကိန်းဟာ အဆိုပါ စီမံကိန်းဝင်ရောက်အကောင်အထည်ဖော်မည့် သက်ဆိုင်ရာ ဒေသ နှင့် ဒေသခံပြည်သူ လူထု အတွက် ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု တွေဆောင်ကြဉ်းပေးဖို့ မျှော်လင့်ရပါတယ်။ တစ်ဆက်တည်းမှာ ဒီစီမံကိန်းလုပ်ငန်းတွေဟာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စံချိန်စံညွှန်းတွေနဲ့လည်း ကိုက်ညီဖို့မျှော်လင့်ရကြောင်း တင်ပြရင်း။

ဆောင်းပါးရှင် SM (ပန်းလောင်) ရဲ့ နာမည်ရင်းကတော့ Samuel Ling Kee ဖြစ်ပါတယ်။ လက်ရှိသူဟာ မတူပီမြို့နယ် ADRA-Myanmar မှာ Technical Advisor (Value Chain & Marketing) တာဝန်ထမ်းဆောင်နေပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒဏ်ရိုက်

၁၄၊ ဇွန်၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိလို့ ...

ဆက်ဖတ်ရန်