၃၁၊ ဇန်နဝါရီ၊ ၂၀၂၅
Zalen
စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ဇန်ဝါရီလ ၃၁ ရက် ဒီနေ့မနက်ပိုင်းက ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ခြောက်လတိုးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်းရွေးကောက်ပွဲကျင်းပဖို့ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်နေတဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မပျက်ဆက်လုပ်နိုင်ဖို့ တာဝန်ထမ်းဆောင်ခွင့် ခြောက် လသက်တမ်းဆက်တိုးပေးဖို့ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာလုံကိုတင်ပြခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့တင်ပြချက်ကို ကာလုံက ဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ နိုင်ငံတဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားတဲ့ကာလကို ခြောက်လတိုးမြှင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ဆိုင်ရာ ပုဒ်မ ၄၂၁ အရအရေးပေါ်ကာလသက်တမ်းဟာ သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ်သာ တိုးခွင့်ရှိပေမဲ့ စစ်ကောင်စီက အကြိမ်ကြိမ် သက်တမ်းတိုးနေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အရေးပေါ် ကာလသက်တမ်းတိုးတာဟာ အခုနဲ့ဆိုရင် ခုနှစ်ကြိမ်မြောက်ရှိလာပြီ။
ကာလုံအစည်းအဝေးမှာ ယာယီသမ္မတတာဝန် ပူးတွဲယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မာင်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ပါတယ်။
Helen