စာပေ ပညာရှင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ကွယ်လွန်

၂၈၊ ဇန်နဝါရီ ၊ ၂၀၂၅

Zalen

မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားပြီး ရန်ကုန်တက္ကသိုလ်မှာ အငြိမ်းစား မြန်မာစာပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ဟာ ယမန်နေ့ ဇန်နဝါရီ ၂၇ရက်‌နေ့ညသန်း‌ ခေါင်ယံမှာ ကွယ်လွန်သွားပါတယ်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ဟာ စကားပြေ၊ ကဗျာစတဲ့ စာပေဆိုင်ရာ အကြောင်းအရာတို့ကို ရေးသားပြုစုခဲ့သူ ဖြစ်ပြီး အသက် ၈၄ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။

ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲမှာ မောင်ခင်မင် (ဓနုဖြူ) ရုတ်တရက်ကွယ်လွန်သွားကြောင်းကို သမီးဖြစ်သူ မသူသူနွယ်အေးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားတာဖြစ်ပါတယ်။ ဆရာကြီးကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရဲ့ အမည်အရင်းက ဦးခင်အေးဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဆရာကြီးဟာ ၁၉၅၉ ခုနှစ် မြန်မာစာအမှတ်အများဆုံးနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ငွေတာရီ ရွှေတံဆိပ်ဆု၊ လှသမိန်ရွှေတံဆိပ်ဆု ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အထွေထွေ ဂုဏ်ထူး) ရခဲ့ပြီးနောက် ပုသိမ်ကောလိပ်မှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၆၉ ခုနှစ် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီးနောက် ရန်ကုန် ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

စကားပြေ သဘောတရား၊ စကားပြေ အတတ်ပညာ၊ စကားပြေအဖွဲ့ ပုံစံများနှင့် ဘာသာပြန်လေ့လာချက်၊ ရုံးသုံးမြန်မာစာ၊ ပြည်သူ့အတွက် မြန်မာစကား၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကား အမြင်၊ စာစီစာကုံးသင်ကြားရေး၊ အခြေခံအထက်တန်းအဆင့် စကားပြေသင်ကြားရေး၊ ကဗျာသဘော ကဗျာလေ့လာနည်း၊ စကားသမုဒ္ဒရာ၊ စာသမုဒ္ဒရာ၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း စတဲ့ စာအုပ်တွေကိုပြုစုခဲ့ပါတယ်။

သတင်း-နေနီနွယ်

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်