အခုတော်လှန်ရေးဟာ တိုင်းပြည်ကို လုံးဝပြောင်းလဲပစ်မယ့် လူထုတော်လှန်ရေးဖြစ်ကြောင်း ဆလိုင်းယောမာန် ပြော

ဇွန် ၆၊ ၂၀၂၆
Zalen

စစ်ကောင်စီက နယ်မြေပြန်သိမ်းဖို့ အရင်ကထက် ပိုရက်စက်လာပြီး အခုတော်လှန်ရေးဟာ တိုင်းပြည်ကို လုံးဝပြောင်းလဲပစ်မယ့် လူထုတော်လှန်ရေးဖြစ်တယ်လို့ ချင်းပြည်သူ့ကောင်စီ / ချင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (CPU/CPA) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ ချင်းညီနောင်(CB) ရဲ့ အွန်လိုင်းရန်ပုံငွေ ရှာဖွေရေးအစီစဥ်မှာ ဆလိုင်းယောမာန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Zalen ad

လက်ရှိမှာ စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့အတွက် အရင်ကထက် ပိုပြီး မိုက်ရူးရဲဆန်ဆန် ကြမ်းတမ်းရက်စက်လာတယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတွေကို သုံးပြီး မည်းမည်းမြင်ရာကို သတ်ဖြတ်တာ၊ မီးရှို့တာတွေ လုပ်နေတယ်လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ၎င်းတို့ရဲ့ ပြည်သူ့စစ်တွေအပါအဝင် တချို့နေရာတွေမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲခိုင်းပြီး စစ်မျက်နှာထဲကို ထိုးသွင်းနေတာ တွေ့ရတယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

ခေတ်အဆက်ဆက် တော်လှန်ရေးတွေ မအောင်မြင်ဘဲ ပြည်သူ့အာဏာကို သိမ်းယူခဲ့သူတွေဟာ ပြည်သူ့ဘဏ္ဍာနဲ့ အခွန်ငွေတွေကို အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူတစ်စုကောင်းစားရေးအတွက် စိတ်ကြိုက်သုံးခွင့်ရနေတာက နိုင်ငံကို အမှောင်ကျစေခဲ့တာလို့ ဆလိုင်းယောမာန်က ထောက်ပြပါတယ်။

ဒါပေမဲ့ အခုတော်လှန်ရေးဟာ ၁၉၆၄၊ ၁၉၈၈၊ ၁၉၉၆ နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့လို အရင်ပုံစံအတိုင်း ပြန်သွားမယ့် ဆန္ဒပြအုံကြွမှုမျိုး သက်သက်မဟုတ်ဘဲ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပထဝီဝင်အခင်းအကျင်းတွေကို လုံးဝပြောင်းလဲပစ်မယ့် လူထုတော်လှန်ရေးကြီးဖြစ်တယ်လို့ ၎င်းက သုံးသပ်ပါတယ်။

ပြည်သူတွေအနေနဲ့ အခုတစ်ကြိမ် တော်လှန်ရေးမှာ ပါဝင်ဆန့်ကျင်ခြင်းမရှိရင် နှစ်ပေါင်း ၆၀၊ ၇၀ တိုင်အောင် မတရားဂုတ်သွေးစုပ်ပြီး ယုတ်မာခဲ့သူတွေကို ၎င်းတို့လုပ်ချင်ရာ ဆက်လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားနိုင်တယ်လို့ သတိပေးပါတယ်။

နောင်ဆွေစဉ်မျိုးဆက်တစ်လျှောက်လုံး ဘယ်လောက်ပဲ ဖိနှိပ်ခံရပါစေ၊ အမှန်တရားနဲ့ လူသားချင်းစာနာမှုတွေကို ထုတ်ဖော်မပြောရဲဘဲ ငြိမ်ခံလက်ခံရမယ့် အခြေအနေကို ရောက်သွားနိုင်တယ်လို့ ဆလိုင်းယောမာန်က ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကို မီးတိုက်ပြီး ပြာပုံတွေကိုပဲ အုပ်ချုပ်ရမယ့် အခြေအနေအထိ ရက်စက်မယ့်သူတွေဖြစ်တယ်လို့ ၎င်းက ဝေဖန်ပါတယ်။ မကြာသေးခင်က ဗိုလ်ချုပ်ရဲဝင်းဦး ပြောခဲ့တဲ့ “အင်အား ၄၀၀ မှာ ၅၀ ကျန်ရင်ရပြီ” ဆိုတဲ့ သဘောထားမျိုးအတိုင်း၊ လူငယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဖမ်းဆီးပြီး ရှေ့တန်းကို အဓမ္မထိုးကျွေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က အတင်းအဓမ္မ ဖမ်းခေါ်သွားတဲ့ ပြည်သူ့စစ်တွေအပါအဝင် တော်လှန်ရေးဘက်က လူတွေအားလုံးဟာ တိုင်းပြည်ရဲ့ လူငယ်တွေပဲဖြစ်ပြီး၊ စစ်ကောင်စီကတော့ လူသားချင်းစာနာမှုမရှိဘဲ ၎င်းတို့အာဏာတည်မြဲရေးအတွက်ပဲ လူငယ်တွေကို အသုံးချနေတာလို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရှိတဲ့ဒေသဟာ စစ်ကောင်စီထိန်းချုပ်ရာလား၊ လွတ်မြောက်ရာဇုန်လားဆိုပြီး လက်ပိုက်ကြည့်နေလို့ မရတော့ကြောင်းနဲ့ ရန်သူကို ရန်သူလို့ ပြတ်ပြတ်သားသား မြင်ဖို့လိုကြောင်း တိုက်တွန်းထားပါတယ်။

နိုင်ငံရေးကို ဂရုမစိုက်ဘဲ “ကိုယ်လုပ်မှ ကိုယ်စားရမယ်” ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ နေထိုင်တာဟာ တစ်နိုင်ငံလုံးကို ချောက်ထဲကို မသိမသာ တွန်းပို့နေတာပဲဖြစ်ပြီး၊ စစ်တပ်ဟာ တိုင်းပြည်ချောက်ထဲမကျမချင်း ၎င်းတို့လုပ်ချင်ရာကို ဆက်လုပ်နေမှာဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

ဒါကြောင့် တိုင်းပြည် ပျက်သုဉ်းမယ့်အဖြစ်ကနေ ကာကွယ်ဖို့အတွက် ပြည်သူတစ်ရပ်လုံးအနေနဲ့ ထကြွတော်လှန်ကြဖို့ လိုအပ်တယ်လို့ CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အလေးအနက် တိုက်တွန်းပြောကြားထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မြန်မာအပါအဝင် ကမ္ဘာတဝန်းက အရေးပေါ်ဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့

ဇွန် ၆၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ နိုင်ငံတွေအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့ပေးမယ်လို့ မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အခုထောက်ပံ့ငွေတွေကို မြန်မာ၊ ...

ဆက်ဖတ်ရန်