သမုဒယသစ္စာ ပစ္စယာ ပဲဆေးပြား (အပိုင်း-၂)

  ဂီတ ရေးသည်။

            ယူကျုံးမရဖြစ်၊ ဝမ်းနည်းတသဖြစ်စွာနှင့် မိမိကိုယ်ကို မိမိလည်း အပြစ်တင်နေသော၊ အခါလွန်နောင်တရနေသော အမျိုးသားတစ်ဦး၏ အော်ဟစ်ညည်းတွားသံများပင်ဖြစ်သည်။ သူ၏ ညည်းတွားသံများရော၊ လူနာပို့လိုက်ပါလာကြသော အခြားသူများဆီမှ တီးတိုးတီးတိုးပြောသံ၊ တစ်ချက်တစ်ချက် ကြားသံများအရ လင်မယား(၂)ဦး ညနေခင်းပိုင်းက အကြီးအကျယ် ရန်ဖြစ်ကြသည်ဟု ယူဆရသည်။

            စိတ်ဆိုးဒေါသထွက်စဉ်ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည် မှားတတ်သည်။ စိတ်ခံစားချက်နောက်ကို အပြင်းအထန်လိုက်မိသည့်အခါမျိုးတွင် ဦးနှောက်သည် မှန်ကန်စွာမတွေးခေါ်နိုင်တော့။ သေဆုံးသွားသော လူနာအမျိုးသမီးသည် စိတ်ခံစားချက်တစ်ခုတည်းကိုသာ ရှေ့တန်းတင်ခဲ့မိပြီ။

            “အမေရဲ့အသက်ကိုတော့ ကျွန်တော်တို့ မကယ်နိုင်ခဲ့ဘူး။ ကလေးရဲ့ အသက်ကိုတော့ ကယ်နိုင်ဖို့များတယ်။ ကလေးက လက်ရှိမှာ အခြေအနေကောင်းဘက်ကို ရောက်နိုင်ဖို့များတယ်”

            ကျွန်ုပ်၏ စကားသံများကို ကြားရသည့်အခါ ခုနက ရှိုက်ငိုနေကြသူ (၂) ဦးလုံး ငိုသံများလျော့ကြသွားကာ မျက်နှာက သိသိသာသာ မပြုံးလာသေးသော်လည်း မျက်လုံးများမှာမူ ပြုံးရိပ်သန်းလာကြသည်။

            “ကျွန်တော်တစ်ခုတောင်းဆိုချင်တာကတော့ ကလေးကို ကုသပေးနေတဲ့ အချိန်အတွင်းမှာ သူ့အမေရဲ့ ကိစ္စကို မသိစေချင်သေးဘူး။ သူ့အမေကို မေးလာခဲ့ရင် မြို့ကဆေးရုံကို ပို့ထားတယ်လို့ ပြောကြရအောင်။ ဒီက အစ်ကိုနဲ့ အန်တီတို့လည်း ကျွန်တော့်လိုပဲ ပြောချင်ကြမယ်ထင်ပါတယ်။”

            “ဟုတ်ကဲ့ပါ ဆရာရယ်။ မြေးလေးကိုတော့ ရအောင်ကယ်ပေးပါနော်။ ဆရာ့ကို အားကိုးပါတယ်”

            “ဟုတ်တယ် ဆရာ၊ သားလေးကို ကယ်ပေးပါနော်၊၊ ဆရာ့ကို ယုံကြည်အားကိုးပါတယ်ဗျာ”

            “ဟုတ်ကဲ့ပါ။ လက်ရှိအနေအထားအရတော့ ဘာမှ အာမခံပြောလို့မရဘူးဗျ။ ဒါမေမယ့် ကျွန်တော်ရော၊ ကျွန်တော့်ဆရာ၊ ဆရာမတွေရော အစွမ်းကုန်ကြိုးစားပေးမှာပါနော်၊၊ ဒီတစ်ညလုံး အနီးကပ်စောင့်ကြည့်ဖို့ ဆရာမလေး (၂) ယောက်ကိုလည်း တာဝန်ချထားပါတယ်။ လိုအပ်လာရင် နောက်နေ့တွေလည်း အလှည့်ကျ စောင့်ကြည့်ပေးသွားမှာပါ။ ကျွန်တော်လည်း အထိုက်အလျောက်စိတ်ချရမှ အိပ်မှာပါ။ အရမ်းကြီး စိတ်မပူပါနဲ့နော်။ အကောင်းဆုံးကြိုးစားပေးပါ့မယ်ဗျ”

            ကျွန်တော်လည်း လူနာရှင် (၂) ဦးကို စိတ်သက်သာရာ သက်သာကြောင်း ပြောနိုင်သမျှ ပြောပြီး ကလေးလေးကို ထပ်မံကြည့်ရူဖို့ အဆောက်အဦးအတွင်းသို့ ပြန်၍ဝင်လာခဲ့သည်။ အဝင်ဝတွင် ဖိနပ်ချွတ်နေတုန်း ကလေးငယ်အား လှမ်းကြည့်လိုက်ရာ ကလေးငယ်သည် ဆရာမလေးတစ်ယောက် ဆွဲဟထားပေးသော ကျွတ်ကျွတ်အိတ်အတွင်းသို့ အန်ချနေသည်ကို တွေ့ရသည်။ နောက်ဆရာမတစ်ဦးကမူ ကလေး၏ ဆွေမျိုး၊ အဒေါ်ဖြစ်ဟန်တူသော အမျိုးသမီးတစ်ဦးအားမေးမြန်း၍ history taking (ရောဂါရာဇဝင်) ရယူကာ ဆေးရုံတက် စာရွက်အတွင်း ဖြည့်သွင်းနေသည်ကို တွေ့ရသည်။ လက်ထောက်ဆရာလေးကတော့ သူ၏ လက်ပတ်နာရီအတွင်းက စက္ကန့်လက်တံလေးရွေ့လျားမှု အကြိမ်အရေအတွက်ကို လိုက်မှတ်နေရင်း ကလေးအား ချိတ်ပေးထားသော ဖြေဆေး drip ဘူးထဲမှ ဆေးစက်ကျနှုန်းကို မျက်တောင်မခတ်တမ်းကြည့်နေသည်။ တစ်မိနစ်အတွင်းကျရမည့် ဆေးစက် အကြိမ်အရေအတွက်ကို တိုက်ဆိုင်စစ်ဆေးနေခြင်းပင်ဖြစ်သည်။ ကျွန်ုပ်လည်း OPD အဆောက်အဦးအတွင်းသို့ ဝင်ရန် ဖိနပ်ချွတ်ပြီးသည်နှင့်………

            “ဆရာမနွယ်၊ ကလေး ဒီရောက်ပြီးတော့ ဘယ်နှစ်ခါအန်သေးလဲ”

            “အခုတစ်ခါနဲ့ဆို (၂) ကြိမ်ပါဆရာ”

            “ဘာအရောင်တွေ အန်သေးလဲ၊ ဘာတွေအန်လဲ”

            “အဝါရောင်တွေပါဆရာ၊ စားထားတဲ့ ထမင်းနဲ့ ဟင်းရွက်တွေနည်းနည်းတော့ပါတယ်ဆရာ”

            “သွေးတွေတော့ မပါဘူးမလား”

            “ဟုတ်ကဲ့၊ မပါဘူး ဆရာ”

            “အင်း ကောင်းတယ်၊ ကောင်းတယ်။ သွေးရောင်တွေအန်ရင် ဆရာ့ကို ပြောပါဦးနော်”

            “ဟုတ်ကဲ့ ဆရာ”

            ထို့နောက် history taking လုပ်‌သော ဆရာမလေးဘက်သို့လှည့်ကာ

            “ဆရာမ ဟန်နီ၊ ရနိုင်သမျှ history ကို ပြည့်ပြည့်စုံစုံ ကောက်ပေးနော်”

            “ဟုတ် ဆရာ၊ ပြီးတော့မယ်ရှင့်၊၊ ပြီးတာနဲ့ ဆရာ့ဆီ လာပြပေးပါ့မယ်”

            “ဟုတ်ပြီ ကောင်းတယ်ဆရာမ။ ဒီညတော့ ဆရာမတို့ (၂) ယောက်လုံး အိပ်ရေးပျက်ပြီ။ ကလေးက အရေးကြီးတာမို့ Monitor သေချာလေးလုပ်ပေးကြပါနော်။ ထုံးစံအတိုင်းကြိုးစားပေးလိုက်ကြတာပေါ့”

            “စိတ်ချပါ ဆရာ။ သမီးတို့အတွက် Monitor လုပ်ရတာ မဆန်းတော့ပါဘူး။ တစ်ချက်မငိုက်စေရဘူး စိတ်ချဆရာ”

            ဆရာမနွယ်က ပြုံးရယ်ကာဖြင့် ကျွန်ုပ်အားစိတ်ချလက်ချပြန်အိပ်နိုင်စေရန် ပြောပေးရှာသည်။ ဆရာမ ဟန်နီက သူသည်လည်းပဲ ဆရာမနွယ်၏ စကားအတိုင်းပင်ဖြစ်ကြောင်း ကျွန်ုပ်ကို ပြုံးရယ်ကာဖြင့် ခေါင်းညိတ်ပြသည်။

            “ကောင်းပါပြီဆရာမတို့။ ဆရာမတို့ ကိုယ့်အလုပ်အပေါ် ဘယ်လောက်တာဝန်ကျေကြလဲ ဆရာသိပြီးသားပါ။ အလုပ်သဘောမို့ မှာသင့်တာမှာရုံပါ။ စိတ်ချမယ်နော် ဆရာမတို့”

            “ဟုတ်ကဲ့ပါဆရာ”
            ဆရာမ (၂) ဦးကိုမှာပြီးသည်နှင့် ကျွန်ုပ်သည် ကလေးငယ်အား နောက်တစ်ကြိမ်ထပ်၍ စမ်းသပ်နားထောင်လိုက်သည်။ Atropine ထိုးဆေး၏ အရှိန်ကြောင့် နှလုံးခုန်နှုန်းများ  ပထမအကြိမ်ထက် ပို၍ မြန်လာသည်။ ကလေးသည် ပါးစပ်မှလည်း ကယောင်ခြောက်ခြားစကားများ ပြောဆိုခြင်းနှင့် ဟိုလှုပ်ဒီလှုပ် ဂဏာမငြိမ်ဖြစ်လျှက်ရှိသည်ကို တွေ့ရသည်။ ကောင်းသည်……။ ကလေးသည် ဖြေဆေး၏ အရှိန်ကို ကောင်းကောင်းရ၍ တုံ့ပြန်နေပြီဖြစ်သည်။

            “ဆရာရှိုင်းကတော့ နားပါတော့၊ ဒီမှာ ဆရာမ (၂) ယောက်လည်း Monitor လုပ်ပေးမှာဆိုတော့၊ တစ်ခုခုလိုမှပဲ ခေါ်လိုက်မယ်လေနော်”

            “ဟုတ်ကဲ့ဆရာ၊ ကျွန်တော်ခြံဝင်းထဲက ခုံတန်းရှည်ပေါ်မှာပဲ နားစွင့်ပြီး အိပ်ဖြစ်မှာ။ ဆရာလည်းနားတော့လေ”

            “ရတယ် ဆရာရှိုင်း နားနှင့်ပါ။ ကျွန်တော်မအိပ်ချင်သေးလို့ စာထိုင်ဖတ်ရင်း ကလေးကြည့်လိုက်ဦးမယ်”

            “ဟုတ် ဟုတ် ဆရာ။ ဒါဆို ကျွန်တော် နားနှင့်တော့မယ်ဗျ”

            ဆရာရှိုင်း၏ ခွင့်တောင်းနှုတ်ဆက်စကားအား ကျွန်ုပ်သည် အသိအမှတ်ပြုဟန် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

            “ဆရာမတို့ ဗိုက်ဆာရင် စာအုပ်စင်အောက်မှာ ပေါင်မုန့်ထုပ်နဲ့ အအေးဘူးတွေရှိတယ်။ ယူစားကြနော်။ ဆရာ dressing ခန်း (အနာဆေးထည့်ခန်း) ထဲမှာရှိမယ်။ ထူးခြားတာရှိရင် ချက်ချင်းသတင်းပို့နော်”

            “ဟုတ်ကဲ့ဆရာ”

            ဆရာမလေး (၂) ယောက်လုံး ပြိုင်တူဖြေလိုက်ကြသည်။

            ကျွန်တော်လည်း ဖတ်လက်စ ဦးနု၏ ‘သမုဒယ တဏှာ’ ဟူသော စာအုပ်ကို စာအုပ်စင်ပေါ်မှ ယူကာ dressing အခန်းထဲသို့ ဝင်သွားခဲ့သည်။ စာအုပ်ထဲ အာရုံနစ်ဝင်သွား၍ နာရီလက်တံများ ရွေ့လျားခြင်းကို ခေတ္တမေ့သွားခဲ့ပြီးသတိရ၍ ဘယ်ဘက်လက်တွင် ပတ်ထားသော လက်ပတ်နာရီအား ကြည့်လိုက်ရာ (၂) နာရီမတ်တင်းပင် ရှိနေပြီ ဖြစ်သည်။ လက် (၂) ဖက်ကို အပေါ်သို့ ဆန့်တန်းကာ အကြောတက်နေခြင်းအား လျှော့ချလိုက်ပြီးနောက် လူနာကလေးငယ်အား ထပ်မံကြည့်ရှုရန် အခန်းအပြင်သို့ ထွက်လာခဲ့သည်။

            အရေးပေါ်ကုသမှုတွေ ပြုလုပ်နေစဉ်တုန်းက စိတ်ဇောနှင့်မို့ သတိမထားမိခဲ့သော်လည်း ယခုအထိုက်အလျောက် အေးဆေးသည့် အချိန်တွင် သေချာကြည့်မိသောအခါ ကလေးငယ်အား သနားဂရုဏာသက်သည့်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ လက် (၂) ဖက်တွင် drip ပုလင်းများချိတ်ထားသည့် ပိုက်လိုင်းများ၊ လက်မောင်းတစ်ဖက်တွင် တပ်ဆင်ထားသော သွေးဖိအားတိုင်းကိရိယာ၊ လက်ချောင်းထိပ်တွင် တပ်ဆင်ထားသော oxygen တိုင်းသည့်ကိရိယာ၊ နှာခေါင်း (၂) ပေါက်တွင် တပ်ဆင်ပေးထားသည့် oxygen (အောက်စီဂျင်) ပေးသည့်ပိုက်လိုင်း အစရှိသည်တို့ဖြင့် ကလေးငယ်သည် အရွယ်နှင့် မလိုက်အောင် ဆေးပစ္စည်းကိရိယာ များဖြင့် ရှုပ်ယှက်ခတ်နေလှသည်။

            “ဆရာမတို့ ကလေးအခြေအနေကောင်းရဲ့လား။ ဘာ ထူးခြားတာရှိသေးလဲ”

            “ဟုတ်……. ကောင်းပါတယ်ဆရာ။ Atropine effect ရလို့ ကဏာမငြိမ်ဖြစ်တာကို ထိန်းရတာလေးပါပဲ။ ဆရာမထွက်လာခင် (၁၀) မိနစ်လောက်ကနေ စပြီးတော့ နည်းနည်းငြိမ်လာပြီး အိပ်ပျော်သွားပြီဆရာ” ဟူ၍ ဆရာမဟန်နီက ပြန်ဖြေပေးသည်။

            “ကောင်းပါတယ်။ ဒါနဲ့ ဆရာ့ကို Monitor လုပ်ထားတဲ့ စာရွက်လေးပြပါဦး”

            Monitor chart ကို ကိုင်ထားသော ဆရာမနွယ်က လက် (၂) ဖက်ဖြင့် ရိုရိုသေသေကျွန်ုပ်အားပေးလေသည်။ စာရွက်ကို စစ်ဆေးကြည့်ရှုလိုက်ရာ vital signs များယူရမည့် သူ့အချိန်နှင့်သူ တိကျစွာ မှတ်သားယူထားသည်ကို တွေ့ရသည်။

            ကျွန်ုပ်လည်း ကျေနပ် သဘောကျပြီး ကလေး၏ အခြေအနေကိုလည်း အထိုက်အလျောက်စိတ်ချရပြီ ဖြစ်သောကြောင့် ဆရာမတို့ (၂) ဦးအား မှာစရာရှိသည်များ ထပ်မံ မှာကြားခဲ့ပြီး ကျွန်ုပ်၏နွမ်းလျနေပြီဖြစ်သော စိတ်နှင့်ခန္ဓာကိုယ်ကို ဒုတိယမ္ပိ ထပ်မံအနားပေးရန်အလို့ဌာ ကျွန်ုပ်၏အိပ်ဆောင်ရှိရာဆီသို့ ထွက်လာခဲ့တော့သည်။ ပေါ့ပေါ့ပါးပါးဖြစ်စေမည့် အဝတ်အစားများကို လဲလှယ်ပြီးနောက် အိပ်ရာနှင့် ကျောပြင်အား နောက်ထပ်တစ်ကြိမ် မိတ်ဆက်ပေးလိုက်တော့သည်။ မျက်လုံး (၂) ဖက်စုံ မှိတ်လိုက်သည့်အချိန်တွင် ရွာအတွင်းဆီမှ ‘အောက်…….အီး……….အီး………အွတ်’ ဟူသော အသံများပြိုင်တူရော၊ အစဉ်လိုက်ပါ ထွက်ပေါ်လာကြသည်။ သန်းခေါင်ယံကြက်တွန်သံပင် ဖြစ်ပေတော့သည်။

            “တီ တီ တီ တီ……..တူးတူ……..တီ တီ တီ တီ ……..တူး တူ”

            လက်ကိုင်ဖုန်းတွင် တုန်ခါမှုနှင့်အတူ နာရီနှိုးစက်သံထွက်ပေါ်နေခြင်းကြောင့် နံနက် (၇) နာရီထိုးပြီဖြစ်ကြောင်း နေ့စဉ်အတွေ့အကြုံအရ မကြည့်ဘဲသိရပေသည်။ ဖုန်းကနေ ထွက်ပေါ်နေသော နှိုးစက်သံကို ပိတ်ပြီးသည်နှင့် တစ်ပြိုင်နက် ညက ဖြစ်စဉ်များနှင့်အတူ ကလေးငယ်၏ မျက်နှာသည် မျက်လုံးထဲ တန်းပေါ်လာခဲ့သည်။ အိပ်ရေးမဝ၍ ကျိန်းစက်နေသေးသော မျက်လုံးအစုံကို အားယူ၍ ဖွင့်လိုက်ပြီးနောက် အပေါ့သွားရန် အိမ်သာခန်းဘက်လျှောက်သွားခဲ့သည်။ ထို့နောက်ရေကို ဝဝ သောက်ပြီး မျက်နှာသစ်၊ သွားတိုက်ခြင်းများ ပြုမနေတော့ဘဲ ကလေးငယ်လေးရှိရာ OPD ဘက်ဆီသို့ ပြန်ထွက်လာခဲ့တော့သည်။

            OPD ဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ဆရာမ (၂) ဦးသည် ကလေးငယ်နားတွင် ထိုင်ကာ စကားစမြည်ပြောနေကြသည်ကို တွေ့ရသည်။ ကလေးငယ်သည်လည်း နိုးနေပြီဖြစ်ကာ ထထိုင်နေခြင်းကိုတော့ မတွေ့ရဘဲ ညက အိပ်ပျော်သွားသော ခုံတန်းရှည်ပေါ်တွင် ခေါင်းအုံးများ၊ စောင်များ၊ အိပ်ယာခင်းများနှင့် ကျကျနနအိပ်နေသည်ကို တွေ့ရသည်။ ကလေးငယ်က ကျွန်ုပ်အားအရင်ဆုံးမြင်သည်။ ဤရွာနှင့် နီးစပ်ရာဒေသ တစ်ဝိုက်တွင် ကျွန်ုပ်ကိုအားလုံးလိုလိုသိကြသည့်အားလျော်စွာ ကလေးငယ်သည်လည်း ကျွန်ုပ်အား သိသည့် ရင်းနှီးသည့် မျက်လုံးမျိုးဖြင့် ကြည့်နေသည်။ မျက်လုံးချင်းဆုံမိချိန်တွင် ကလေးငယ်အား ကျွန်ုပ်တမင်တကာ မဟုတ်ဘဲ အလိုအလျောက်ပြုံးပြလိုက်မိသည်။ ကလေးငယ်ကလည်း ချစ်စရာ ပါးချိုင့်ကလေးနစ်ဝင်သွားအောင် မျက်လုံးများပါမကျန် ကျွန်ုပ်အားပြန်၍ ပြုံးပြသည်။ ကျွန်ုပ်နှင့် ကလေးငယ် (၂) ဦးကြား အပြုံးပန်းများ အပြန်အလှန်ပို့ဆောာင်နေသည်ကို တစ်ညလုံး Monitor လုပ်ကာ စောင့်ကြည့်ထားသော ဆရာမ (၂) ဦးမြင်သွားကာ ကျွန်ုပ်အား မရယ်ရုံတမယ် ပြုံးပြပြန်သည်။ အပြုံးပန်းများ ဝေဆာသွားသော နေရာလေးတစ်ခု ဖြစ်သွားပေသည်။ ဆရာမလေး (၂) ဦးမှာ နံနက်စောစောတွင် အပြုံးပန်းများပန်ဆင်ကာ ကျက်သရေရှိလှပနေကြသော်လည်း သူတို့၏ မျက်ကွင်းများကမူ ညိုလို့မဲလို့ဖြစ်သည်။ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း၏ ဝိသေသများပင် ဖြစ်ပေတော့သည်။

            “ဆရာမတို့ ကလေး အခြေအနေကောင်းရဲ့လား၊ ဘာထူးခြားတာရှိသေးလဲ”

            “ကလေးက ကောင်းပါတယ်ဆရာ။ ဆီး၊ ဝမ်းတွေလည်းသွားတယ်။ အရောင်လည်းပုံမှန်ပါပဲ။ စကားပြောတာတွေလည်းပုံမှန်ဖြစ်သွားပါပြီ။ Vital sings တွေလည်း ကောင်းတယ်ရှင့်” ဟူ၍ ဆရာမနွယ်က စုံစိအောင်တင်ပြသည်။

            ဆရာမနွယ်စကားဆုံးသည်နှင့် ကျွန်ုပ်လည်း နားကြပ်ဖြင့် ကလေး၏ ဝမ်းဗိုက်နှင့် ရင်ဘတ်နေရာများကို နားထောင်ကြည့်လိုက်သည်။ နှလုံးခုန်နှုန်းမှန်သည်။ အသက်ရှူသံ၊ ရှူနှုန်း ပုံမှန်ဖြစ်သည်။ Bowel Sound (အူလှိုင်းသံ)ကိုလည်း ကောင်းကောင်းကြားရသည်။ ဝမ်းဗိုက်တစ်ပြင်လုံးကို လက်ဖြင့်ဖိ၍ စမ်းသပ်ကြည့်ရာတွင် မည်သည့်နေရာတွင်မှ နာကျင်မှုကို မတွေ့ရ။ ဒီကလေးအတော်ကံကောင်းသည်။

            ကျွန်ုပ် ဒီဒေသကို ရောက်သည့်ကာလ (၂) နှစ်ကျော်အတွင်း ပဲဆေးပြား (ခ) ပဲဂိုထောင်တွင် ပိုးကောင်မကျအောင်ထားသည့် ဆေးပြားကိုသောက်၍ ရောက်လာသူတိုင်း တစ်ဦးမှ အသက်မရှင်။ ကျွန်ုပ်မရောက်ခင်ကလည်း ပဲဆေးပြားသောက်သည့် သူတိုင်း မည်သူမျှ အသက်မရှင်ကြကြောင်းကို ကြားဖူးသည်။ ပဲဆေးပြားသည် အလွန်ပြင်းသည်။ ပဲအိတ်တင်း (၁၀၀) လောက်ကိုတော့ ပဲဆေးပြား (၄) ပြားလောက်နဲ့ ဘာ အင်းဆက်ပိုးမှ အနားမကပ်နိုင်အောင် ထားပေးနိုင်သော အာနိသင်ရှိသည်။ ထို့ကြောင့် ဒီကလေးအတော်ကံကောင်းသည်ဟု ပြောရခြင်းပင်ဖြစ်သည်။

            “ဆရာ……..သားသား ဗိုက်ဆာတယ်။ ရေလည်းဆာတယ်။ သားသားရေသောက်လို့ရပြီလားဟင်”

            “ပေးသောက်မှာပါ သားသား ရဲ့။ သားသားဗိုက်တွေအောင့်ပြီး ညက လိုမျိုး ခဏခဏအန်မှာစိုးလို့ ဆရာက မသောက်ခိုင်းသေးတာနော်”

            အင်းဆက်ပိုးသတ်ဆေးများသည် အစာအိမ်နံရံကို ပြင်းထန်စွာ ရောင်ရမ်းစေပြီး အချို့ဆိုလျှင် အစာအိမ်သွေးကြောပေါက်ခြင်း၊ အနာဖြစ်ခြင်း အစရှိသည်တို့ကို ဖြစ်တတ်သောကြောင့် စောင့်ကြည့်ဆဲကာလတွင် ကလေးအား မည်သည့်အစာ၊ ရေမှ စားသောက်ခြင်း မပြုရန် တားမြစ်ထားခြင်းဖြစ်သည်။ လိုအပ်သည့် ရေဓာတ်၊ ထိုက်သင့်သည့် အာဟာရဓာတ်များအတွက်ကိုတော့ drip လိုင်းမှတစ်ဆင့် ပေးထားခြင်းဖြစ်သည်။

ကျွန်ုပ်ကလေးအား စမ်းသပ်နေစဉ်ကတည်းက ကလေးလဲလျောင်းနေသော ထိုင်ခုံတန်း၏ မျက်နှာချင်းဆိုင် ထိုင်ခုံတန်းရှည်တွင် ထိုင်နေရာမှ ထလာသော ကလေး၏ အဖွားသည် ကျွန်ုပ်အား တစ်ခုခုမေးချင်ပုံ၊ သိချင်ပုံ မျှော်လင့်ချက်မျက်လုံးများနှင့် ကြည့်ရှုနေလေသည်။ ကလေး၏ အဖွားမေးမည့် မေးခွန်းများကို သူမ မမေးခင်ကတည်းက ကြိုတင်ခန့်မှန်းမိပြီဖြစ်သောကြောင့် မမေးရသေးခင် ကျွန်ုပ်ကြိုဖြေပေးလိုက်သည်။

“အဖွား စိတ်အေးလက်အေးနေတော့နော်။ အဖွားမြေးလေးက အဖွားမြင်တဲ့အတိုင်းစိတ်ပူစရာ မရှိတော့ပါဘူး။ ဆေးရုံမှာ တစ်ရက်၊ နှစ်ရက်တင်ထားပြီးတော့ စောင့်ကြည့်ဦးမယ်။ စိတ်ချရပြီ ကောင်းပြီဆိုတာနဲ့ ပေးဆင်းမယ်နော်။ အဖွားမြေးလေးသိပ်ကံကောင်းပါတယ်”

            “ကျေးဇူးကြီးလှပါတယ်ဆရာတို့ရယ်၊ မြေးလေးက ဆရာတို့၊ ဆရာမတို့ ပေးတဲ့အသက်ပဲ ရှိတော့တာပါ။ ဒီကျေးဇူးကို မမေ့ပါဘူးတော်”

            “ကျွန်တော်တို့ တတ်နိုင်သလောက်ကြိုးစားခဲ့ကြရုံပါ။ အဖွားတို့ဆီတွေတိုက်ထားလို့ အန်ပြီးကောင်းသွားတာလည်းနေမှာပါ”

            အဖွား၏ ချီးကျူးမှုကြောင့် ကျွန်ုပ်ရော၊ ဆရာမလေး (၂) ဦးပါ နေရမခက်စေရန် ရယ်သံသွေး၍ ပြောလိုက်ခြင်းသည်သာ ဖြစ်သည်။ ညက ငိုခဲ့၊ ဝမ်းနည်းခဲ့ကြရသမျှ ယခုတော့ အထိုက်အလျောက်ပြုံးကြ၊ ရယ်ကြရပြီ။

            လောကတွင် လူရယ်ဟုဖြစ်လာပြီဆိုလျှင် စိတ်ညစ်စရာ မကြုံဖူးသူတစ်ဦးတစ်ယောက်မျှ မရှိနိုင်၊၊ အနည်းနှင့်အများသာကွာသည်။ အကောင်းလောကဓံကို ကြုံလာချိန်ရော အဆိုးလောကဓံကို ကြုံလာရချိန်တွင်ပါ အစွန်းရောက်သွားသည်ထိ စိတ်ခံစားမှုနောက်ကို မလိုက်သွားပါမှ အပျက်အဆီး၊ အဆုံးအရှုံးများဒဏ်မှ ကင်းဝေးမည် ဖြစ်သည်။

            ယခုတွင်လည်း ကလေး၏ မေမေသည် အဆိုးလောကဓံကို ကြုံလာရချိန်တွင် စိတ်ခံစားချက်နောက်ကို အဆုံးအစွန်ထိ လိုက်ပါသွားခဲ့သည့်နောက် အဆုံးစွန်သော ပျက်စီးဆုံးရှုံးမှုနှင့် ကြုံခဲ့ရပြီ။ သူကိုယ်တိုင်တင်မက သူသိပ်ချစ်ရပါသည်ဆိုသော သူ၏သားကလေးအပေါ်တွင်ပါ ပြန်ချေပခွင့်မရနိုင်သော အမှားမျိုးကျူးလွန်မိခဲ့ပြီ ဖြစ်သည်။ ကလေးလေးသည် လူသက်တမ်း မကုန်ဆုံးသေး၍သာ။ ဖြူစင်သန့်ရှင်းသော (၅၂၈) မေတ္တာသည်ပင်လျှင် ချစ်ပုံချစ်နည်း မမှန်သည့်အခါ ဒုက္ခအပူတွေပေးတတ်လေသည်။ (၁၅၀၀) မေတ္တာတရားများ လွှဲမှားသွားကြရင်တော့ဖြင့်………….။ ဪ……. ‘သမုဒယတဏှာ’။

            ကျွန်ုပ်အတွေးကမ္ဘာထဲ နယ်ချဲ့နေတုန်း ကလေးငယ်သည် သူ၏ အဖွားအားစကားများပြောနေသည်ကို ကြားလိုက်ရသည်။

            “ဖွားဖွား……..သားသား ဗိုက်ဆာပြီ”

            “အေးပါ သားသားရယ်။ သားသားကို ဆရာဝန်ကြီးက စားခွင့်ပြုတဲ့အခါကျရင် သားသားကြိုက်တဲ့ ရှမ်းခေါက်ဆွဲဝယ်ကျွေးမယ်နော်”

            “ဖွားဖွား၊ ဖေဖေရောဟင်”

            “သားဖေဖေက ဖွားဖွားတို့ဆရာ၊ ဆရာမတို့စားဖို့ ရွာထဲမှာ ရှမ်းခေါက်ဆွဲ သွားဝယ်နေတယ်ကွဲ့”

            “သားအတွက်ရော ပါလားဟင်”

            “သားက စားလို့မရသေးဘူးလေကွဲ့။ မြေးလေးက လိမ္မာတယ်နော်။ စားလို့ရတဲ့အခါကျမှ စားနော်”

            “အင်းပါ ဖွားဖွားရယ်”

            အခုခေတ်ကလေးများအရွယ်နှင့်မလိုက်အောင် စကားအလွန်တတ်လာကြသည်။ သို့သော် ဒီကလေးသည် သူ့အဖွား ဖြေရမကြပ်စေသော၊ ကျွန်ုပ်တို့မကြားလိုသော စကားများပြော၍ မေးခွန်းမထုတ်လို့သာတော်သေးသည်။      ထိုစဉ်……

“ဖွားဖွား……….မေမေ့ကို ညကတည်းက မတွေ့သေးပါဘူး။ မေမေရောဟင်…………”

“သားသား၊ မေမေက……………”

                                                                       ဂီတ

                                                             (၂၁.၆.၂၀၂၃၊ ၀၁:၄၅)

အပိုင်း(၁)ဖတ်ရန် >>>>> https://tinyurl.com/2mx2p8pz

နောက်ဆုံးရသတင်းများ

YLA က မီဇိုရမ်-ရခိုင်လမ်းကို ပိတ်ဆို့မှုကြောင့် ဘာတွေ ရိုက်ခတ်လာမလဲ?

R. Lakher Young Lai Association (YLA) သည် မကြာသေးမီက အိန္ဒိယနိုင်ငံ Act East Policy နှင့်ကုလားတန်-ဘက်စုံစီမံကိန်းများ  ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အင်ဒို-မြန်မာ အမျိုးသားအဝေးပြေးလမ်းမကြီးကို ဇွန်လ ၂၄ ရက်၊ ...

ဆက်ဖတ်ရန်