ကချင်စစ်ဘေးရှောင်တွေကူညီဖို့ အမေရိကန်ရှိ ချင်းအသင်းတော်မှာ အလှူငွေကောက်ခံမယ်

ကချင်စစ်ဘေးရှောင်ပြည်သူတွေကူညီဖို့ အမေရိကန်ရှိ ချင်းအသင်းတော်တိုင်းမှာ မေလ(၂၀)ရက်တွင် အထူးဆုတောင်းပွဲနဲ့ အလှူငွေကောက်ခံဖို့စီစဉ်နေတယ်လို့သိရပါတယ်။

“ခုတလော ကျနော်တို့ရဲ့သွေးချင်းညီအစ်ကို ကချင်ရဲ့ကြုံတွေ့နေတဲ့ဒုက္ခကို ဒီတိုင်းရပ်ကြည့်နေလို့မရဘူး။ ချင်းလူမျိုးတွေက အကူအညီပေးဖို့လိုတယ်။ ဒါကြောင့်မေလ(၂၀)ရက်မှာ ချင်းဘုရားကျောင်းတိုင်းမှာ ကချင်အတွက် အထူးဆုတောင်းပွဲနဲ့ စစ်ဘေးရှောင်တွေအတွက်သပ်သပ် အလှူငွေကောက်ခံသွားမယ်။ ဒီအပေါ်မှာချင်းလူထုရဲ့ ရပ်တည်ချက်လည်းထုတ်ပြန်မယ်။ လိုအပ်ရင် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မယ်”လို့ အမေရိကန်နိုင်ငံ၊ အင်ဒီယန်နာပြည်နယ်ချင်းအသင်းတော်များအဖွဲ့မှ တာဝန်ရှိသူ Salai Van Ceu Uk (ဆလိုင်းဗန်ကျဲအိုအုပ်) ကဆိုသည်။

အလှူထည့်ဝင်ထားတဲ့ငွေအားလုံး ကချင်နှစ်ခြင်းအသင်းတော်ကို လွှဲအပ်သွားမယ်လို့သိရပါတယ်။ နောက်ဆုံးသတင်းအရ စစ်ပွဲကြောင့် ကချင်ပြည်သူ ၆,၈ဝဝ ကျော် တောထဲမှာတစ်လနီးပါးထွက်ပြေးတိမ်းရှောင်နေပါတယ်လို့ United Nations OCHA Myanmar ကမေလ(၈)ရက်မှာထုတ်ပြန်ထားပါတယ်။

“ကျွန်မတို့ အရမ်းလည်းကြောက်တယ်။ တောထဲမှာရှိတုန်းက ငိုရတာ ဘယ်နှစ်ခေါက်မှန်းတောင်မသိတော့ဘူး။ ကျွန်မတို့ ဒီတောထဲကထွက်နိုင်တော့မယ်လို့တောင် မထင်တော့ဘူး။ ထွက်ပြေးရတဲ့ချိန်မှာ ဘာမှများများစားမယူနိုင်ခဲ့ဘူး။ ဆန်နည်းနည်းနဲ့ ဆားပဲပါတယ်။ တချို့တွေဆို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲပြေးလာကြတာ”လို့ တနိုင်းမြို့နယ် တောထဲမှလွှတ်မြောက်လာတဲ့ အသက် (၃၀)အရွယ် ကိုယ်ဝန်ဆောင်မိခင် မခေါန်နူးကပြောပြတယ်။

၎င်းတို့ထဲကနေ ရာဂဏန်းလောက်သာမြို့ပေါ်သို့ရောက်ရှိလာနိုင်ပြီး တစ်ချို့ကတော့ ကလေးမွေးလို့ ခရီးကြမ်းမသွားနိုင်တာကြောင့် တောထဲမှာ ကျန်နေတဲ့သူတွေလည်းရှိတယ်။ တောထဲမှာ အသက်ရှင်နိုင်ဖို့ တောထဲမှာအလေ့ကျပေါက်တဲ့အရွက်တွေခူးပြီး အသက်ဆက်နေရကြောင်း၊ ဖျားနာနေရင် တောထဲကဆေးမြစ်တွေရှာဖွေပြီးရှေးဦးသူနာပြုနည်းနဲ့ကုသနေရတယ်လို့ တောထဲကပြန်လည်လွှတ်မြောက်လာသူတွေကပြောကြတယ်။

ကချင်စစ်ဘေးရှောင်ပြည်သူတွေကူညီဖို့ ပြည်တွင်း၊ပြည်ပမှာနေထိုင်တဲ့ချင်းလူငယ်များအဖွဲ့၊ ရန်ကုန်ရှိ ဖလမ်းလူမှုကူညီရေးအသင်းတို့က အလှူငွေကောက်ခံနေပါတယ်။ ပြီးတော့ ကလေးမြို့ရှိ ချင်းလူထုကလည်း ကချင်စစ်ရှောင်ပြည်သူတွေအမြန်လွှတ်မြောက်ဖို့ မေ(၁၄)ရက်မှာဆန္ဒဖော်ထုတ်ဖို့စီစဉ်နေပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်