မင်းတပ်အရှေ့ခြမ်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးအလုံး ၇၀ ကျော် ဆက်တိုက်ကြဲချ၊ ကျောက်ထုဘက်ကိုလည်း ခဲယမ်းနဲ့ စစ်ကူတွေ ဖြည့်တင်းနေ

ဇွန် ၁၇၊ ၂၀၂၆
Zalen

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်က ကျောက်ထုအခြေစိုက်တပ်စခန်းကိုလည်း လေယာဉ်နဲ့ စစ်ကူတွေ၊ ခဲယမ်းမီးကျောက်တွေ လာချပေးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ ကနဦး သိရပါတယ်။

ဒီနေ့ ဇွန်လ ၁၇ ရက် မနက် ၇ နာရီကနေ ၈ နာရီ ၁၂ မိနစ်အထိ တစ်နာရီကျော်အတွင်းမှာ မန္တလေး တံတားဦးလေတပ်က တက်လာတဲ့ Y-12 ဗုံးကြဲလေယာဉ်တစ်စီးဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းက နေရာတစ်ခုကို တစ်ကြိမ်ရင် ၄ လုံးတွဲဗုံးတွေနဲ့ စုစုပေါင်း ၁၇ ကြိမ်တိုင်တိုင် လာကြဲသွားတာကြောင့် ဗုံးအလုံးရေ ၇၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်ပြီး စုံစမ်းနေတုန်းပဲ ဖြစ်ပါတယ်။

Zalen ad

ဒါ့အပြင် မနေ့က ဇွန်လ ၁၆ ရက် နေ့လယ် ၂ နာရီလောက်ကလည်း စစ်ကောင်စီရဲ့ Y-8 ထောက်ပို့လေယာဉ်တစ်စီးဟာ မကွေးတိုင်း ယောဒေသမှာရှိတဲ့ ကျောက်ထုအခြေစိုက် အမြောက်တပ်ဖွဲ့ဌာနချုပ် အမတ (၃၆၈) ထဲကို လာဆင်းသွားတယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ စစ်ကောင်စီအတွက် ခဲယမ်းနဲ့ ရိက္ခာတွေအပြင် စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော်ကို စစ်ကူအဖြစ် ချပေးခဲ့ပြီး၊ ပြန်တက်တဲ့အချိန်မှာတော့ တိုက်ပွဲတွေအတွင်း ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အယောက် ၄၀ ခန့်ကို ပြန်တင်ခေါ်သွားတယ်လို့ သိရှိရပါတယ်။

မကွေးတိုင်း ယောဒေသထဲက ဆောမြို့နဲ့ ကျောက်ထုမြို့တွေကတစ်ဆင့် စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကတည်းက ကန်ပက်လက်ကို ရော၊ မေလ ၃၀ ရက်မှာ မင်းတပ်ကိုပါ အင်အား ၂,၀၀၀ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝိုင်းပတ်ထိုးစစ်ဆင်နေတာကြောင့် ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။

ဇွန် ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီဟာ မင်းတပ်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို ဂျက်ဖိုက်တာတွေ၊ Y-12 လေယာဉ်တွေ သုံးပြီး လေကြောင်းကနေ ၇၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို၊ ဗုံးအလုံးရေ ၁၇၀ ကျော်အထိ ကြဲချခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တချို့ဟာ မင်းတပ်မြို့ပြင်နားအထိ ရောက်နေပေမဲ့ ပင်မစစ်ကြောင်းကြီးက ရှေ့ဆက်မတိုးနိုင်ဘဲ နှစ်ဖက်စစ်ဆိုင်ထားတဲ့အတွက် စစ်ရေး တင်းမာနေဆဲပဲလို့ သိရပါတယ်။

လက်ရှိမှာတော့ မင်းတပ်၊ ကန်ပက်လက်နဲ့ ဆောမြို့နယ်ထဲက ကျေးရွာ ၂၅ ရွာလောက်က ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ တံမြက်စည်းလှည့်ရောင်းတဲ့ အမျိုးသားတစ်ဦး အသတ်ခံရပြီး သုသာန်မှာ အလောင်းဖျောက်မြှုပ်နှံခံရ

ဇွန် ၁၇၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ လမ်းလျှောက်ပြီး တံမြက်စည်းလိုက်ရောင်းတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီးနောက် သုသာန်မှာ အလောင်းဖျောက်မြှုပ်နှံခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သေဆုံးသူဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ ...

ဆက်ဖတ်ရန်