စစ်ပွဲ အဆုံးသတ်ရန် ထရမ့်နှင့် အီရန်သမ္မတတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး

ဇွန် ၁၈၊ ၂၀၂၆
Zalen

အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေကို အဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန်တို့ဟာ ဇွန်လ ၁၇ ရက်နေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို ဒီဂျစ်တယ်စနစ်ကနေတစ်ဆင့် လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒီသဘောတူညီချက်အရ အီရန်အစိုးရဘက်က သူတို့ သန့်စင်ထားတဲ့ ယူရေနီယံတွေကို နျူကလီးယားလက်နက် ထုတ်လို့မရတဲ့အဆင့်အထိ အာနိသင်လျှော့ချဖို့ သဘောတူခဲ့ပြီး၊ အမေရိကန်ဘက်ကလည်း အီရန်စီးပွားရေးကို အကျပ်ရိုက်စေခဲ့တဲ့ ရေနံတင်ပို့မှု ပိတ်ဆို့မှုတွေကို ချက်ချင်းပြန်ရုပ်သိမ်းပေးပြီး စီးပွားရေးဆိုင်ရာ သက်သာခွင့်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်မှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး ညစာစားပွဲမှာ သမ္မတ ထရမ့်က ဒီစာချုပ်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပြီး၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီတို့ကလည်း သမ္မတနှစ်ဦးစလုံး လက်မှတ်ထိုးပြီးစီးကြောင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။

Zalen ad

မူလက ဆွစ်ဇာလန်မှာ လူကိုယ်တိုင်တွေ့ဖို့ စီစဉ်ခဲ့ပေမဲ့ အခုလို အွန်လိုင်းကနေပဲ လက်မှတ်ရေးထိုးဖြစ်ခဲ့တာပါ။

အခုစာချုပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အဲဒီစစ်ပွဲကြောင့် အီရန်ဘက်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဒေသတွင်းကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအတွက် အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ပါတယ်။

အခု သဘောတူညီချက်အရ ပထမဆုံးခြေလှမ်းအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ အီရန်ရဲ့ နျူကလီးယားအစီအစဉ်အပေါ် ရေရှည်ထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ် နှစ်လ (ရက်ပေါင်း ၆၀) ကြာ ဆက်လက်ဆွေးနွေးသွားဖို့ အချိန်ဇယား သတ်မှတ်ထားပါတယ်။

အီရန်ဟာ သူတို့ရဲ့ ယူရေနီယံလက်ကျန်တွေကို ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) ရဲ့ ကြီးကြပ်မှုနဲ့ အာနိသင်လျှော့ချ ဖျက်ဆီးရမှာဖြစ်ပြီး၊ အပြီးသတ်သဘောတူညီချက်ရရင် ဒေသတွင်းနိုင်ငံတွေ ပံ့ပိုးမယ့် ဒေါ်လာ ၃၀၀ ဘီလီယံတန်ဖိုးရှိ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ထွက်လာဖို့ကိုလည်း အမေရိကန်က တာဝန်ယူ ကူညီပေးသွားမှာပါ။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုတွေအပါအဝင် အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အမျိုးအစားအားလုံး ရုပ်သိမ်းနိုင်အောင် အမေရိကန်က ဆောင်ရွက်ပေးဖို့ သဘောတူထားပါတယ်။

အီရန်ဘက်ကတော့ ဒီစာချုပ်ဟာ အမေရိကန်ရဲ့ ရှုံးနိမ့်မှုဖြစ်ပြီး မိမိတို့အတွက် “ကြီးမားတဲ့အောင်ပွဲ” လို့ အမွှမ်းတင်နေကြပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ အီရန်အနေနဲ့ နျူကလီးယားလက်နက် မထုတ်ဖို့ ထပ်လောင်းအတည်ပြုထားတယ်လို့ ဆိုပြီး တကယ်လို့ အီရန်ဘက်က ရက် ၆၀ အတွင်း ဒါတွေကို အကောင်အထည်မဖော်ဘဲ စာချုပ်ချိုးဖောက်ရင် အပြင်းအထန် ဗုံးဆက်ကြဲသွားမယ်လို့ ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် ရီပတ်ဘလစ်ကန်အမတ်အချို့က ဒီစာချုပ်အပေါ် အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်ကို မတားဆီးနိုင်တဲ့အပြင်၊ ရေလက်ကြားကို ပိတ်ပြီး ခြိမ်းခြောက်ရင် အောင်မြင်တယ်ဆိုတဲ့ သင်ခန်းစာ အမှားမျိုး အီရန်ကို ပေးလိုက်တာမို့ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သံတမန်ရေးရာ အမှားအယွင်းပဲလို့ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ကိုးကား – CNN / AFP

Emily

နောက်ဆုံးရသတင်းများ

မီးလောင်ဗုံးတွေပါ၀င်တဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့်  မင်းတပ်မြို့ပေါ် လူနေအိမ်အများအပြား ပျက်စီး

ဇွန် ၁၇၊၂၀၂၆ Zalen  ချင်းပြည်တောင်ပိုင်း ၊မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေပါအသုံးပြုပြီး ၁၃ ရက်ဆက်တိုက် လေကြောင်းတိုက် ခိုက်ခဲ့တာကြောင့် မြို့ပေါ် လူနေအိမ်တွေ အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်က  မကွေး ၊ မိတ္ထီလာ ...

ဆက်ဖတ်ရန်