
ဇွန် ၁၉၊ ၂၀၂၆
Zalen
အာဏာသိမ်း စစ်ကောင်စီက ပြည်တွင်း လူမှုကွန်ရက်အသုံးပြုမှုကို ၂၄ နာရီစောင့်ကြည့်နေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
ဇွန် ၁၈ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလို ပြောတာပါ။
သင်္ဃန်းကျွန်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးရဲ့ လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုပြီး အကြမ်းဖက်ဖို့လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်း ဖြန့်ချိနေသူတွေကိုဖော်ထုတ်အရေးယူနိုင်ဖို့ ရှိ မရှိ မေးခွန်းကို ဗိုလ်ချုပ်မင်းသူက အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။

လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေ၊ သတင်းတု၊ သတင်းမှားတင်တာတွေနဲ့ မဖွယ်မရာတွေတင်တာတွေကို ၂၄ နာရီစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်အသုံးပြုပြီး အကြမ်းဖက်ဖို့လှုံ့ဆော်နေသူတွေနဲ့ မမှန်သတင်းဖြန့်ချိနေသူတွေကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က တို့နဲ့ ၂၄နာရီစောင့်ကြည့်စစ်ဆေးကာ အရေးယူဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ မေလအထိ ၂ နှစ်ခွဲခန့်ကာလအတွင်းမှာ လူဦးရေ ၁၄,၀၀၀ နီးပါးကို အရေးယူဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ၂ နှစ်ခွဲခန့်ကာလအတွင်းမှာ လူဦးရေ ၂,၀၀၀ နီးပါးအရေးယူထားတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးနဲ့ ပတ်သက်လို့ ဖေ့ဘွတ်ခ်ပေါ်က သတင်းတစ်ပုဒ်အောက်မှာမှတ်ချက်ရေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပဲခူးမြို့က ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အကြောင်းရေးဖွဲ့ထားတဲ့ လရောင်အောက်က ကုမုဒြာ ဆိုတဲ့ သီချင်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ရေးခဲ့လို့ဆိုပြီး တောင်ကြီးမြို့က အမျိုးသမီးတစ်ဦး တို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
Emily





