ကယ်ဆယ်ရေးထိရောက်စွာ မဆောင်ရွက်နိုင်သောကြောင့် လစ်ဗျားနိုင်ငံတွင် မုန်တိုင်းကြောင့် သေဆုံးသူ လူပေါင်း ၂၀၀၀၀ ခန့် အထိရှိလာ

လစ်ဗျားအာဏာပိုင်များကတော့ မုန်တိုင်းကြောင့် လူပေါင်း ထောင်ချီသေဆုံးမှုဟာ ကယ်ဆယ်ရေးထိရောက်စွာ မလုပ်နိုင်ခဲ့သောကြောင့် ဟုတ်၊ မဟုတ်ကို စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုပါတယ်။

ဒီသဘာဝဘေးဟာ လစ်ဗျားနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများကတော့ ရေထဲမျှောပါသွားသော သူတို့ရဲ့ မိသားစုဝင်များကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ပြင်းထန်တဲ့ မုန်တိုင်းကြောင့်ပြီးခဲ့တဲ့ အနင်္ဂနွေနေ့တွင် ဆည်များပေါက်သွားခဲ့ပြီး ဆည်က ရေဟာ မြို့ထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့ပြီးနောက် ဒါနာမြို့အရှေ့ပိုင်းဟာ ရေထဲမျှောပါသွားခဲ့ပါတယ်။

ညအချိန်အိပ်ပျော်နေသော ထောင်ချီနဲ့ ပြည်သူများဟာ ထိုရေထဲ မျှောပါသွားခဲ့တာဖြစ်တယ်။ အစိုးရက ဒီကနေ့အထိ တရားဝင် ထုတ်ပြန်ထားသော စာရင်းဟာ အမျိုးမျိုးရှိနေပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ ပျောက်ဆုံးသူ ဦးရေဟာ ထောင်ချီရှိနေဆဲဖြစ်ပါတယ်။ ဒါနာမြို့တော်ဝန်ဖြစ်တဲ့ အပ်ဒူလ်မီနန်အဲလ်ကိုင်တီရဲ့ ပြောဆိုချက်အရ သေဆုံးသူဦးရေဟာ ၁၈၀၀၀ ကနေ ၂၀၀၀၀ အကြားတွင်ရှိတယ်လို့ ပြောပါတယ်။

ဒီလို ထောင်ပေါင်းများစွာ သေဆုံးသွားသော လူကြောင့် ဒါနာမြို့ဟာ ရောဂါပေါင်းစုံပျံ့ပွားလာမှုကို စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။ အကယ်၍ လစ်ဗျားနိုင်ငံတွင် ကောင်းမွန်စွာ လည်ပတ်နေတဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရှိပါက ဒီလို မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးမှုကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း World Meteological Organization ကတော့ ပြောပါတယ်။ နိုင်ငံတကာတွင် လစ်ဗျားနိုင်ငံ၏ တရားဝင် သမ္မတအဖြစ် အသိအမှတ်ပြုခံထားရသော မိုဟာမတ်အဲလ်မန်ဖီရဲ့ တွစ်တာတွင် ရေးသားချက်အရ ဒီသဘာဝဘေးအန္တနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ပြောပါတယ်။ ဆည်ပြိုကျမှုဖြစ်စဉ်တွင် တာဝန်ရှိသူများကို တာဝန်ယူစေမှာဖြစ်ပြီး ထောက်ပံ့မှုများကို ထိန်းသိမ်းထားသူများကိုလည်း အရေးယူမည်ဟု မိုဟာမတ်က ပြောပါတယ်။ အသက် ၅၂ နှစ်အရွယ် ကားမောင်းသမား တစ်ဦးဖြစ်တဲ့ အူစမာအဲလ်ဟူဆာဒီကတော့ ပျောက်ဆုံးသွားခဲ့သော သူ့ဇနီးနှင့် ကလေး ၅ ယောက်ကိုရှာဖွေလာတာ ရေကြီးမှု ဖြစ်ပြီးကတည်းက ဖြစ်ပါတယ်။

“ခြေထောက်နဲ့ ပတ်သွားပြီး သူတို့ကို ရှာခဲ့တာ။ ဆေးရုံကိုသွားရှာတယ်၊ ကျောင်းကိုသွားရှာတယ်၊ ဒါပေမယ့် ကံမကောင်းခဲ့ဘူး” ဟု ငိုယိုရင်း အူစမာက ပြောပါတယ်။ အူစမာကတော့ မုန်တိုင်းတိုက်တဲ့ညမှာ သူ့ဇနီကို ဖုန်းဆက်ခဲ့ပါသေးတယ်၊ နောက်တော့ ဖုန်းကလည်း စက်ပိတ်သွားခဲ့ပါတယ်။

 “ကျွန်တော့်ဖခင်ရဲ့ မိသားစုဝင်တည်းပဲ အယောက် ၅၀ လောက် ဆုံးရှုံးလိုက်ရတယ်။ ပျောက်ဆုံးသူနဲ့ သေဆုံးသွားသူတွေပါ” ဟု သူက ဆက်ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အယ်ဒင်မိုဟာမတ်အာဒမ်ဟာ ဆူဒန်နိုင်ငံကနေ လာပြီး ဒါနာမြို့အပြင်ဘက်တွင် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ မုန်တိုင်းတိုက်တဲ့ညတွင် ရေကြီးမှုကြောင့် နိုးလာခဲ့ပါတယ်၊ သူကတော့ မြို့တော်စင်တာတွင် သွားခိုလှုံမယ်ဆိုပြီး သွားကြည့်ခဲ့ပေမယ့် စင်တာကြီးကလည်း ပျောက်သွားခဲ့ပြီဖြစ်ပါတယ်။ သူနဲ့အတူတူ အလုပ်လုပ်ခဲ့သော အလုပ်သမား ၉ ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်၊ သူတို့ရဲ့ မိသားစုဝင် ၁၅ ဦးကတော့ သေဆုံးသွားပြီဖြစ်ပါတယ်။ “ချိုင့်ဝှမ်းကနေ ပင်လယ်ထဲကို ရေထဲမှာ အကုန်လုံးမျှောပါသွားကြတာပါ။ သူတို့အပေါ် ဘုရားသခင် ဂရုနာတော် သက်ရောက်ပါစေ၊ ကောင်းကင်ဘုံလည်း ရောက်နိုင်ပါစေ” ဟု သူက ဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်