ဇူလိုင် ၃၊ ၂၀၂၆
Zalen
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်ရဲ့ ဖိတ်ကြားချက်နဲ့ ဒီနေ့ ဇူလိုင် ၃ ရက်မနက်ပိုင်းမှာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေပါတယ်။
ဗီယင်ကျန်းမြို့မှာရှိတဲ့ သမ္မတအိမ်တော်ခန်းမမှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း လာအိုသမ္မတက နိုင်ငံတကာမျက်နှာစာနဲ့ အာဆီယံအသိုက်အဝန်းထဲမှာ မြန်မာစစ်ကောင်စီဘက်ကနေ ဆက်လက်ရပ်တည်ပေးသွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမဆုံးအကြိမ် အာဆီယံဒေသတွင်း ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဇူလိုင် ၃ ရက်ကနေ ၅ ရက်နေ့အထိ သုံးရက်တာ ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU)၊ နေပြည်တော်နဲ့ ဗီယင်ကျန်းမြို့တို့ကို ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်မယ့် (Sister City MoU) တို့ကို လဲလှယ်ခဲ့ကြသလို၊ မြန်မာ-လာအို အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MoU ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နယ်စပ်ဒေသ အွန်လိုင်းလောင်းကစားနဲ့ ဆက်စပ်ရာဇဝတ်မှု နှိမ်နင်းရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရေးအရ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီး နိုင်ငံရေးမပါတဲ့ ကိုယ်စားလှယ်တွေကိုပဲ တက်ခွင့်ပြုထားတာပါ။
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီကန့်သတ်ချက်တွေကို ကျော်လွှားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် အာဆီယံအစည်းအဝေးတွေ ပြန်တက်ခွင့်ရဖို့ တွန်းအားပေး လုပ်ဆောင်လာနေပါတယ်။
ပြည်တွင်းမှာလည်း စစ်ကောင်စီလိုလားတဲ့ USDP ပါတီက အာဆီယံအရေးနဲ့ ပတ်သက်လို့ အဆိုတင်သွင်းတာတွေ ရှိနေပါတယ်။
လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာ သဘောထား နှစ်ခြမ်းကွဲနေတယ်လို့ နိုင်ငံတကာသတင်းတွေက ထောက်ပြနေပါတယ်။
စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တီမောတို့က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း ဆက်သွားချင်နေပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကတော့ စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ပိုလိုလားနေကြတာ ဖြစ်ပါတယ်။
Mary
#Lao #ချစ်ကြည်ရေးခရီး #ရပ်တည် #အာဏာသိမ်းစစ်တပ်ခေါင်းဆောင် #Zalen










