အမြင့်ပျံသန်းချင်ပေမယ့် ချီနှောင်ခံရတဲ့ငှက်ကလေးများ

ရေးသူ-မစ်ကီ

စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုတွေဟာ အသက်အရွယ်မရွေး နေရာဒေသမရွေး လူမျိုးဘာသာမရွေး သူတို့ရဲ့အာဏာသိမ်းမှုတွေကြောင့် နောက်ဆက်တွဲဘေးဒုက္ခတွေခံစားရကြတဲ့ ပြည်သူတွေဟာ ဒုနဲ့ဒေး ပြင်းပြင်းထန်ထန်ခံစားရတာနဲ့ ပေါ့ပေါ့ပါးပါးခံစားကြရတာမျိုးလောက်ပဲ ကွာခြားကြတာပါ၊ အဲ့ထဲမှာမှ ချင်းတောင်တန်းတနေရာက ကျေးလက်တောရွာလေးတခုမှာနေထိုင်တဲ့ မဆုန်းချင်တို့ မိသားစုလည်း အပါအဝင်ပေါ့၊ ဆုန်းချင်လေးတို့မိသားစုဟာ အာဏာမသိမ်းခင်ထိ စစ်မီးတွေ ချင်းတောင်ဘက်ကို မကူးလာခင်ထိ ကျေးရွာအလယ်တန်းကျောင်းလေးမှာ အတန်းပညာ(၇)တန်းတက်ရောက် နေသူလေး တဦးပေါ့ ။

Zalen ad

ဒီလိုနဲ့စစ်မီးကြီးဟာ ချင်းတောင်ကိုရောက်လာပြီးနောက် ၂၀၂၂ခုနှစ် စက်တင်ဘာမတိုင်ခင်မှာတော့ သူတို့နေထိုင်တဲ့ရွာလေးကို ဗုံးမိုးတွေရွာချတာကြောင့် မိဘတွေနဲ့အတူ ဘေးလွတ်ရာ အိန္ဒိယနယ်စပ်မြို့လေးစစ်ရှောင်စခန်းတွေဆီကို ရောက်လာကြပါတော့တယ်။

ဆုန်းချင်တို့ရောက်တဲ့ ကျောင်းတက်ချိန်မှီတာမို့ ကျောင်းမဖြစ်မနေတက်ရမယ်ဆိုပြီး မိဘတွေဟာ မရှိမဲ့ရှိမဲ့နဲ့ အစိုးရကျောင်းကို စတက်စေခဲ့ပါတယ်။ ကျောင်းစရိတ်က ဝတ်စုံခ၊ စာအုပ်ဖိုး နဲ့ ကျောင်းဝင်ကြေးတွေနဲ့ ဆိုရင် ရူပီး တသောင်းလောက်တော့ကုန်ကျပါတယ်။ တခြားသူတွေအတွက် ဒီပမာဏက နည်းနိုင်ပေမယ့် သူမတို့တွက်တော့ နိုင်ငံခြားကနေ ကူညီမယ့်ထောက်ပံ့ပေးမဲ့ ကျောထောက်နောက်ခံမိသားစုမရှိတဲ့သူ သူမတို့တွေအတွက်က နည်းတဲ့ပမာဏမဟုတ်ပါဘူး။ သူမအဖေကလည်း နေ့စားအလုပ်လုပ်နေတာမို့ တရက်မှ ဝင်ငွေ ရူပီး ၅၀၀ မြန်မာငွေနဲ့ဆို ၂သောင်းခွဲပတ်ချာလည်ပေါ့။ ဒါပေမယ့် ဒီခက်ခဲတွေထက် နောက်ဆုံး သူမတို့ကို စိတ်ပူစေတာကတော့ ဒီမှာ ၁၂ တန်းအောင်ရင်တောင် သူမတို့ဟာ နိုင်ငံသား တွေ မဟုတ်တော့ တရားဝင်အစိုးရအသိအမှတ်ပြုတဲ့ တက္ကသိုလ်၊ကောလိပ်တွေကနေ ဘွဲ့မရနိုင်ပါဘူးဆိုတာပါပဲ။ အဲဒါက ကြိုးစားချင်စိတ်၊ မျှော်လင့်ချက်တွေကိုပါ မှေးမှိန်စေခဲ့ပါတယ်။ “တခါတလေကျရင် ပန်းတိုင်မရှိဘဲခရီးသွားသလို ကျွန်မခံစားရတယ်။ ဘာလို့ဆို ဒီနေ့ ကျွန်မတို့ကြိုးစားသမျှက ၁၂ တန်းအောင်တဲ့အထိဘဲရတာတဲ့လေ။”သူမပူပန်မှုတွေနဲ့ပြောပြရှာပါတယ်။

လက်ရှိအခြေအနေတွင် စစ်ရှောင်ကလေးများသည် မီဇိုရမ်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ဖြစ်သည့် ၁၂ တန်းအထိ ပညာသင်ယူခွင့် ရရှိနိုင်သော်လည်း ၁၂ တန်းအောင်မြင်ပြီးနောက် အဆင့်မြင့်ပညာရေး ဖြစ်သော ကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ရန် အခွင့်အလမ်းများမှာ အလွန်ကန့်သတ်ခံထားရတဲ့အနေအထားမျိုးပါ။

ထိုကန့်သတ်ချက်၏ အဓိကအကြောင်းရင်းမှာ အိန္ဒိယနိုင်ငံသား မဟုတ်ခြင်းဖြစ်ပြီး၊ တရားဝင်စာရွက်စာတမ်းများ မပြည့်စုံခြင်းကြောင့် တက္ကသိုလ်များတွင် တရားဝင်ကျောင်းသားအဖြစ် စာရင်းသွင်းရန် မဖြစ်နိုင်ခြင်းတွေပဲဖြစ်ပါတယ်။

လောင်တလိုင်မြို့ရှိ ကောလိပ်တခု၏ ကျောင်းအုပ်ကလည်း “အိန္ဒိယနိုင်ငံသားကဒ်ပြား (Aadhaar Card) မရှိပါက တရားဝင်ကျောင်းသားအဖြစ် အသိအမှတ်ပြုလို့ မရပါဘူး။ တက်ချင်ရင် တက်လို့ရပေမယ့် တရားဝင်ဘွဲ့လက်မှတ်(Certificate)တော့ မရနိုင်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

ထိုအခြေအနေများကြောင့် ၁၂ တန်းအောင်မြင်ပြီးသော စစ်ရှောင်ကျောင်းသားများအတွက် အနာဂတ်ပညာရေးလမ်းကြောင်းမှာ မရှင်းလင်းသေးပဲ မျှော်လင့်ချက်များလည်း လျော့နည်းလိုလာပါတယ်။

ဆုန်းချင်လေးလိုပဲ လောင်တလိုင်မြို့တွင် ၁၀ တန်းအောင်မြင်ထားသည့် ကျောင်းသူတဦးက “ကျွန်မတို့က ကျောင်းနေအရွယ်မို့လို့ ဒီမှာကျောင်းတက်ကြပေမယ့် ၁၂ တန်းပြီးရင် ဆက်တက်ဖို့အခွင့်အလမ်းမရှိတော့ စိတ်အားထက်သန်မှု လျော့သွားသလို ခံစားရတယ်” ဟု ဆိုသည်။

တဖက်မှာလည်း အိန္ဒိယရှိ အစိုးရတက္ကသိုလ်များတွင် တရားဝင်တက်ရောက်ခွင့် မရှိသော်လည်း၊ နိုင်ငံခြားသားများ လက်ခံသော တက္ကသိုလ်အချို့ရှိပါတယ်။ ၎င်းတို့အနက် ICFAI University ဟာ နိုင်ငံခြားသားများလည်း တက်ရောက်နိုင်သည့် တက္ကသိုလ်တခုဖြစ်ပြီး အိုင်ဇောလ်မြို့တွင် တည်ရှိပါတယ်။ ဒါပေမဲ့ စစ်ရှောင်အများစုအတွက် တက်ရောက်ရန် မလွယ်ကူလှပါဘူး။

အဆိုပါ တက္ကသိုလ်တွင် တနှစ်စာ ကျောင်းကြေးမှာ ရူပီး ၇၀,၀၀၀ ကျော်ရှိပြီး နေထိုင်စရိတ်၊ စားသောက်စရိတ်နဲ့ အခြားနေ့စဉ်အသုံးစရိတ်များပါ ထည့်သွင်းပါက တနှစ်လျှင် အနည်းဆုံး ရူပီး ၁,၀၀,၀၀၀ ကျော် ကုန်ကျနိုင်ပါတယ်။

ICFAI တွင် တက်ရောက်နေသူတဦးက “ကျောင်းလခတင်ပဲ ရူပီး ၇၀,၀၀၀ ကျော်ရှိတယ်။ နေစရိတ်၊ စားစရိတ်၊ သွားရေးလာရေးစရိတ်တွေပါ ထည့်လိုက်ရင် တနှစ်ကို အနည်းဆုံး ရူပီး ၁ သိန်းလောက် ကုန်ကျတယ်” ဟု ပြောပါတယ်။

တနေ့လျှင် ရူပီး ၅၀၀ ဝန်းကျင်သာ ဝင်ငွေရရှိသော စစ်ရှောင်မိသားစုများအတွက် ထိုကဲ့သို့သော ကုန်ကျစရိတ်များသည် ကြီးမားသော စိန်ခေါ်မှုတခုဖြစ်လို့နေပါတော့တယ်။

စစ်ရှောင်အမျိုးသားတဦးက “အခြေခံကျောင်းတောင် တနှစ်ကို ရူပီး ၁၀,၀၀၀ ဝန်းကျင်ကုန်ကျတယ်။ ကလေး ၃ ယောက် ၄ ယောက်ရှိရင် အဲဒါတောင် ခက်နေပြီ။ တနှစ် ရူပီး ၁ သိန်းလောက်ကုန်ကျတဲ့ ကျောင်းမှာ တက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ဆိုရှာပါတယ်။

ဒါ့ကြောင့် မီဇိုရမ်ပြည်နယ်တွင် ပညာသင်ယူနေသော မြန်မာစစ်ရှောင်ကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးသို့ ဆက်လက်တက်ရောက်နိုင်ရန် အခွင့်အလမ်းများ အလွန်ကန့်သတ်ထားကြောင့် အမြင့်ပျံဖို့ကြိုးစားသော်လည်း ချီနှောင်ခံထားရတဲ့ ငှက်ကလေးတွေနဲ့မခြားသလိုပါ။

အချို့သော ကျောင်းသားများဟာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ National Unity Government (NUG) မှ ဖွင့်လှစ်ထားသော ပညာရေးအစီအစဉ်များတွင် ဆက်လက်ပညာသင်ယူရန် စဉ်းစားနေတာတွေလည်းရှိလို့နေပါတယ်။

သို့သော်လည်း စစ်ရှောင်လူငယ်များအတွက် ပညာရေးသည် အိပ်မက်တခုအဖြစ်သာ ကျန်ရှိနေဆဲဖြစ်ပြီး၊ အဆင့်မြင့်ပညာရေးသို့ ဆက်လက်လျှောက်လှမ်းနိုင်မည့် လမ်းကြောင်းမှာ ယနေ့အချိန်ထိ ရှင်းလင်းနေတာမျိုးတော့မဟုတ်သေးပါ။

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်