ဇူလိုင် ၆၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မံဆောင်တံတားမှာ မဏိပူရ် မြစ်ရေတွေ မြင့်တက်လာတာကြောင့် ဇူလိုင်လ ၃ ရက်နေ့ကစပြီး မော်တော်ကားအသေးတွေကို ယာယီဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
တီးတိန်မြို့နဲ့ လိုင်းတွီးရွာကြားက မံဆောင်တံတားဟာ ပြန်လည်ပြုပြင်နေဆဲ ဖြစ်တာကြောင့် ကားသွားလာခွင့်ပိတ်ထားပေမယ့် မိုးရွာသွန်းမှုများလို့ မြစ်ရေတွေ အများအပြားတက်လာတာကြောင့်ကားအသေးတွေကိုသာ သွားလာခွင့်ပေးထားတာပါ။

လက်ရှိမှာ ၁၀ ဘီး နဲ့ ၁၂ဘီးလို ကားကြီးတွေ ဖြတ်သန်းခွင့်မပြုသေးပဲ ကုန်တွေ လူတွေ ထမ်းပြီး သယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ပြင်လို့ မပြီးသေးဘူး၊ နှစ်ခါတောင် ထိထားတာဆိုတော့ ကုန်အပြည့် ကားတွေ ဖြတ်ဖို့ မရဲသေးဘူးပေါ့။ အရင်က တံတားအောက်ကနေ မြစ်ကို ဖြတ်ပြီး ကူးကြတာ၊ အခုက ရေအရမ်းတက်လာလို့ ကားသေးတွေကို ဖြတ်ခွင့်ပေးထားတယ်။ ကားကြီးတွေကတော့ ဟိုဘက် ဒီဘက် လူနဲ့ ကုန်ထမ်းပြီး သွားကြလာကြတာပေါ့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီမံဆောင်တံတားဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ မနက်အစောပိုင်းတုန်းကလည်း အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ မိုင်းခွဲတိုက်ခိုက်တာကို ခံခဲ့ရတာကြောင့် ပျက်စီးခဲ့တာပါ။
ဒါကြောင့် တံတားကြံ့ခိုင်မှုလျော့နည်းသွားလို့ ကားတွေဖြတ်သန်းသွားလာလို့မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့ကလည်းစစ်ကောင်စီတပ်တွေက မံဆောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
Mary
#တီးတိန်မြို့နယ် #မံဆောင်းတံတား #နယ်စပ်ကုန်သွယ်ရေး #Zalen
















