
မေ ၆၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ချင်းတော်လှန်ရေးတပ် CDF CDM Siyin က မေလ ၅ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ် သား ၁၃ ဦးသေဆုံးခဲ့သလို သေနတ် သုံးလက် သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
” ဟိန်းဇိန်ရွာနားက ကော်ဖီခြံမှာ စစ်ကောင်စီယာဉ်တန်းကို CDM Siyin က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ထိခိုက်တာတွေ များတယ်။ လက်နက် သုံးလက် သိမ်းဆည်းရခဲ့တယ်။ ယာဉ်တန်းကတော့ ထောက်ပို့ယာဉ်တန်းပါ၊ ယာဉ်ပျက်စီးမှုလည်း ရှိတယ်။ ” လို့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါအပြင် ကလေးမြို့ဘက်ကနေ တီးတိန်မြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းညီနောင်တပ်တွေအကြား မေ ၅ ရက်နေ့ကနေ ၆ ရက်နေ့ နေ့ခင်းပိုင်းအထိ ကနေဒီတောင်အနီးမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်း၊ ကလေး-သိုင်းငင်းလမ်း၊ သိုင်းငင်း-တီးတိန်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။
Helen
ဓာတ်ပုံ-ပုံဟောင်း















