
ဇွန် ၁၆၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အခုရက်ပိုင်း ကလေး-တမူးလမ်းပိုင်းကို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူများကို ဓားပြတိုက် လုယက်နေတယ်လို့ ဒေသခံများထံကသိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က တမူးမြို့ကနေစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တမူးမြို့နယ်ခမိတ်အုပ်စုအတွင်းမှာ စစ်ဘေးခိုလှုံနေတဲ့ ပြည်သူများကို အခုလို ဓားပြတိုက်လုယက်နေကြတာဖြစ်ပါတယ်။
” တိုက်ပွဲဖြစ်တော့ ရွာထဲမနေရဲကြလို့တောထဲတွေမှာစခန်းချနေကြတာ။ စစ်ကြောင်းထိုးတော့ ဘယ်မှပြေးစရာမရှိလို့ တောထဲမှာဘဲနေကြတာပါ။ ပစ္စည်းတွေယူသွားတာကပျူစောထီးတွေပါ။ ဆွဲကြိုးနားကပ်၊ လက်စွပ်တွေချွတ်ခိုင်းပြီးယူသွားကြတာ။ လူတွေတော့ ဘာမှလုပ်မသွားကြဘူး” လို့ ၎င်းတို့နဲ့ နီးစပ်သူတဦးက Zalen ကိုပြောပါတယ်။
တမူးမြို့နယ်၊ ခမိတ်အုပ်စုအတွင်းက ခမိတ်၊ နန်းမွန်းတာ၊ ခိုမွန်နိုနဲ့ ရန်လင်းဖိုင်ကျေးရွားက ဒေသခံကျေးရွာသားအချို့ဟာ ၂၀၂၃ခုနှစ်ကတည်းက ကျေးရွာမှာမနေရဲတော့ဘဲ တောတောင်၊ စိုက်ခင်း၊ လယ်ကွင်းတွေမှာ စခန်းချနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်က ကလေး-တမူးလမ်းပိုင်းကိုပြန်လည်ရရှိနိုင်ရန်စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး အဲဒီဒေသကို စစ်ကောင်စီပူပေါင်းအဖွဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၁ ရက်နေ့က ကလေး-တမူးလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရန်လင်းဖိုင်ကျေးရွာနေပြည်သူအချို့ စစ်ဘေးခိုလှုံနေတဲ့ စခန်းတခုကိုမီးရှို့ဖျက်ဆီးခဲ့လို့ အဆိုပါစစ်ရှောင်များ ဘေးလွတ်ရာ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။
သတင်း – S-P







