မင်းတပ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းမှ ထပ်မံတိုက်ခိုက်

ဇွန် ၁၂၊ ၂၀၂၆

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ လူနေရပ်ကွက်တွေဆီ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အဆောက်အအုံတချို့ ပျက်စီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇွန်လ ၁၂ ရက် ဒီနေ့နံနက် ၆ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးဟာ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးထက်မနည်း ကြဲချသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ရှိ၊ မရှိနဲ့ မြေပြင်ပျက်စီးမှု အသေးစိတ် အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Zalen ad

လက်ရှိမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေ၊ Y-12 လေယာဉ်တွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်နေတဲ့အပြင် မြေပြင်ကနေလည်း လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ပစ်ခတ်နေတာပါ။

စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်ထုမြို့လေဆိပ် (အမြောက်တပ် ၃၆၈ အခြေစိုက်) သို့ စစ်ကောင်စီရဲ့ Y-8 ထောက်ပို့လေယာဉ်တစ်စီး လာရောက်ဆင်းသက်ခဲ့ပြီး မြေပြင်တိုက်ပွဲတွေအတွင်း ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို ပြန်လည်ခေါ်ဆောင်သွားသလို ခဲယမ်းနဲ့ ရိက္ခာအင်အားတွေကိုလည်း ဖြည့်တင်းသွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့တွေဟာ စစ်ကောင်စီရဲ့ ဖြတ်တောက် ပိတ်ဆို့မှုဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ရိက္ခာနဲ့ ဆေးဝါးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

” လေကြောင်း အန္တရာယ်ကြောင့် ပြောင်းရွေ့ပုန်းခိုရတဲ့သူတွေ ရှိပါတယ်။ မိုးကလည်းရွာနေတော့ အမိုးအကာ စားနပ်ရိက္ခာကတော့ အရေးပေါ်လိုအပ်နေတာပေါ့နော်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီး ချင်းတောင်ပိုင်းဒေသတွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေပြင်းထန်နေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ထိုးစစ်ကို ချင်းပူးပေါင်းတပ်တွေက ခုခံဟန့်တားထားနိုင်ဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို စစ်ကြောင်းထိုးရာမှာ စုစည်းပြီး ထိုးစစ်ဆင်တာမျိုးမဟုတ်ဘဲ စစ်အင်အားထောင်ချီကို တစ်မိုင်ကျော်ခန့် ဖြန့်ကျက်ပြီး ဝိုင်းပတ်ပိတ်ဆို့တဲ့ နည်းဗျူဟာကို အသုံးပြုနေတာ ဖြစ်ပါတယ်။

Mary

ဓာတ်ပုံ – HKL Mindat

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်