အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအောက်က ပြေးစရာနေရာမရှိ၊ မျှော်လင့်ချက် မဲ့နေတဲ့ ဂါဇာပြည်သူများ

Willings/ ၁၂ အောက်တိုဘာ၊ ၂၀၂၃

Zalen

အစ္စရေးလေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသပြည်သူ ၂.၃ သန်းခန့်ဟာ လက်ရှိအချိန်မှာတော့ ရေမရှိ၊ လျှပ်စစ်မီးမရှိပဲ ဘဝကိုဖြတ်သန်းနေရပြီး သူတို့မှာ ပြေးစရာ နေရာလည်း မရှိပါဘူး။ ပါလက်စတိုင်း ပိုင်နက်ဟာ ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး နေရာတစ်ခုတွင်ပါဝင်ပြီး၊ ပြီးခဲ့တဲ့ စနေနေ့ကစကြီး အစ္စရေးလေတပ်ရဲ့ ဆက်တိုက်ဗုံးကြဲမှု ခံနေရပါတယ်။ ဂါဇာဘက်က တာဝန်ရှိသူများရဲ့ ပြောဆိုချက်အရတော့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ပြီလို့ ပြောပါတယ်။

အစ္စရေးအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၂၀၀ ခန့်သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။ ဂါဇာရဲ့ လျှပ်စစ်စွမ်းအား အဓိကထုတ်ပေးတဲ့ နေရာဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအထိ လျှပ်စစ်ထုတ်ပေးနိုင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ တိုက်ခိုက်ခံရပြီး ပျက်စီးသွားခဲ့ပါတယ်။ ခုတော့ ဂါဇာဟာ မီးမရှိ၊ ရေမရှိ နေထိုင်နေကြပါတယ်။ ညအချိန်မှာလည်း ဂါဇာဒေသတစ်ခုလုံးဟာ မဲမှောင်နေပြီး လူတွေကတော့ ညဘက်မှာလည်း ဖုန်းမီးကိုသာ အသုံးပြုနေကြပါတယ်။

“ကျွန်တော် အရင်ကတည်း စစ်ပွဲနှင့် တိုက်ခိုက်မှုများကို ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲလောက် ဆိုးရွားတဲ့ အခြေအနေကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး” လို့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ယာမင်ဟာမတ်က ပြောပါတယ်။

ဂါဇာမြောက်ပိုင်းမှာရှိတဲ့ သူ့ရဲ့အိမ်ကတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။ ဂါဇာတောင်ပိုင်းက ခန်ယူနစ်ဆေးရုံတစ်ခုတွင်လည်း သေဆုံးသွားသူများရဲ့ အလောင်းများကို လျှပ်စစ်မီးမလာသောကြောင့် အအေးခန်းတွင် ထားဖို့ မဖြစ်နိုင်တော့ပါဘူး၊ အလောင်းများကို ဒီတိုင်း ကြမ်းပြင်ပေါ်မှာပဲ ထားရပါတယ်၊ သေဆုံးသူများရဲ့ မိတ်ဆွေများနှင့် မိသားစုဝင်များကတော့ အပြင်ဘက်မှာ စောင့်ဆိုင်းနေကြပါတယ်။ သေဆုံးသူများရဲ့ မိသားစုဝင်များကတော့ အပူမလွန်ခင် အလောင်းကို အမြန်ဆုံးမြှုပ်နှံနိုင်ရန် ကြိုးပမ်းနေကြပါတယ်။ သေဆုံးသူများအတွက် အချိန်ခဏလေးသာပေးပြီး ဆုတောင်းပေးနိုင်ကြပါတယ်။ ပြီးတော့ အနီးစပ်ဆုံး သင်္ချိုင်းတွင် သွားသဂြိုလ်ရပါတယ်။ တစ်ခါတစ်လေ အလောင်းသယ်ဖို့ ထမ်းစင်တောင် မရှိဘူးလို့ ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ အာလာအဲလ်ကာဖာနက်ရဲ့မိသားစုကလည်း ကိုယ်ဝန်ဆောင်နေတဲ့ သူ့ရဲ့မိန်းမ၊ သူ့အကိုများ၊ အဖေ၊ အခြားဝမ်းကွဲညီအစ်ကိုများအပြင် မိသားစုဝင်များနဲ့ အတူတူ စနေနေ့မှာပဲ စစ်ဘေးရှောင်ဖို့ မြို့အပြင်ကို ထွက်ခွာခဲ့ကြပါတယ်။ သူတို့ကတော့ ကမ်းခြေနားက စစ်ဘေးရှောင်စခန်းတစ်ခုကို ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ကတော့ ထိုနေရာမှာ ပိုလုံခြုံမယ်လို့ ထင်ခဲ့ကြပေမယ့် လေကြောင်း တိုက်ခိုက်မှုဟာ သူတို့ရှိတဲ့ နေရာကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာသောကြောင့် အရှေ့ဘက်ကို ဆက်ပြီး ထွက်ပြေးခဲ့ကြပါတယ်။

အင်္ဂါနေ့ညမှာတော့ ကာဖာနက်မိသားစုနေခဲ့ကြတဲ့ အဆောင်အဦးဟာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပြီး သူနဲ့အတူတူ လိုက်ပါလာသူအားလုံး သေဆုံးသွားခဲ့ပါတယ်။ သူတစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ အန္တရာယ်ကနေ လွတ်အောင်ပြေးနိုင်ခဲ့ပြီး သေမင်းဆီကို တန်းရောက်သွားခဲ့ကြပါတယ်” လို့ သူက ပြောပါတယ်။

သူကလည်း ခေါင်းမှာ ဒဏ်ရာ ရရှိပြီး၊ သူ့ရဲ့ လည်ပင်းကနေ ခါးအထိ ပတ်တီးစည်းနေရပါတယ်။ ရာနဲ့ချီလူနာများ ရှိနေတဲ့ နေရာမှာပဲ သူကလည်း ဆေးကုသမှု ခံယူနေရပါတယ်။ လက်ရှိအချိန်အထိ ဂါဇာပြည်သူပေါင်း ၁၇၅,၀၀၀ ခန့်ဟာ သူတို့ရဲ့ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ကုလသမဂ္ဂကတော့ ထုတ်ပြန်ထားပါတယ်။

ကိုးကား။ ရိုက်တာသတင်းဌာနရဲ့ Gazans bombarded by Israel have no hope and no escape သတင်းကို သင့်လျှော်သလို ဘာသာပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်