အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလာကြောင်း CYMA ပြောကြား

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဩဇာအကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း ( Central Young Mizo Association – CYMA ) က အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မှာကို အလိုမရှိကြောင်း ဗဟိုအစိုးရ တာဝန်ရှိသူများထံ ပြောကြားလိုက်ပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်ခြင်းဟာ ချင်း ( ဇို ) လူမျိုးများရဲ့ ညီအကိုအချင်းချင်းကြား ပတ်သက်ဆက်နွယ်မှုကို ပျက်ဆီးစေနိုင်တာကြောင့် ဒီကိစ္စကိုကန့်ကွက်ကြောင်း ဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူများထံ ပြောကြားထားတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး နဲ့ CYMA ခေါင်းဆောင်များဟာ ဇန်နဝါရီလ ၂၇ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ နယူးဒေလီ ရှိ ဝန်ကြီးအိမ်ရာမှာတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး CYMA ဘက်မှ ဥက္ကဋ္ဌ R Lalngheta ၊ ဒုဥက္ကဋ္ဌ Prof. Lalnuntluanga ၊ အထွေထွေအတွင်းရေးမှူး Prof. Malsawmliana နဲ့ ငွေကိုင် H Duhkima တို့ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Zalen ad

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး CYMA ရဲ့သဘောထားကို ပြည်ထဲရေးဝန်ကြီးမှ မေးမြန်ရာ မီဇိုရမ်ပြည်နယ်အတွင်း အရပ်ဘက်အဖွဲ့အစည်း ညှိနှိုင်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဒီနယ်စပ်ခြံစည်းရိုးခတ်ခြင်းက ချင်း ( ဇို ) လူမျိုးများကိုကွဲပြားစေမှာဖြစ်လို့ အလိုမရှိကြောင်း CYMA ဘက်က ပြောပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ်အစိုးရကလည်း နယ်စပ်ခြံစည်းရိုးခတ်မှာကို ကန့်ကွက်ကြောင်းဆုံးဖြတ်ချက်တခု ချမှတ်ထားပြီဖြစ်ကြောင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ခြံစည်းရိုးခတ်တဲ့နေရာမှာ မီဇိုရမ်ဘက်မှနယ်မြေ အများအပြားဆုံးရှုံးကြောင်း နဲ့ နယ်စပ်ခြံစည်းရိုးကြောင့် မီဇိုးကျေးရွာတချို့မှာ ခြံစည်းရိုးအပြင်ဘက်ကိုရောက်ရှိကြောင်း ပြောကြားထားကြပါတယ်။

ယခုလို အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလားကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့ ( ZORO ) ဦးဆောင်မှုဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်/Zalen

#အိန္ဒိယ#မြန်မာ #နယ်စပ်#Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်