ဇွန် ၁၂ ၊ ၂၀၂၆
Zalen
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့်ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တရပ် ရရှိလုနီးပါးဖြစ်နေပြီး ယခုသီတင်းပတ်ကုန်တွင် ဥရောပတနေရာမှာ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း ပြောဆိုလိုက်သော်လည်း အီရန်ဘက်ကတော့ ယင်းသဘောတူညီချက်နဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက် မချရသေးကြောင်း ပြောဆိုထားပါတယ်။
ဇွန်လ ၁၂ ရက် ကြာသပတေးနေ့က အိမ်ဖြူတော်ရှိ Oval Office တွင် သတင်းထောက်များနဲ့တွေ့ဆုံစဉ် ထရမ့်က သဘောတူညီချက်ဆိုင်ရာ စာရွက်စာတမ်းများဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဘက်ကိုယ်စား ဒုတိယသမ္မတ ဂျေဒီဗန့်စ်က လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်နိုင်ကြောင်း ပြောဆို ထားပါတယ်။
“အီရန်နဲ့ဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်တဲ့ သဘောတူညီချက်ကောင်းတခုကို ကျွန်တော်တို့ ရရှိထားပါတယ်။ စာရွက်စာတမ်းတွေက နောက်ဆုံးအဆင့်နီးပါး ရောက်နေပါပြီ။ မကြာခင်မှာ ပြီးစီးသွားမယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြောပါတယ်။
အဆိုပါ သဘောတူညီချက်သာ အကောင်အထည်ပေါ်လာပါက သုံးလကြာဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးကာ ကမ္ဘာ့စွမ်းအင်ဈေးကွက်ကိုပါ ထိခိုက်စေခဲ့တဲ့ပဋိပက္ခကို အဆုံးသတ်စေနိုင်မယ့် အရေးပါဆုံး သံတမန်ရေး အောင်မြင်မှုတရပ် ဖြစ်လာမှာဖြစ်ပါတယ်။

ထရမ့်ရဲ့ယခုကြေညာချက်ဟာ အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရန် စီစဉ်ထားမှုကို နောက်ဆုံးအချိန်တွင် ဖျက်သိမ်းလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ယင်းမတိုင်မီက ထရမ့်ဟာအီရန်ကို “အလွန်ပြင်းထန်စွာ” တိုက်ခိုက်မှာဖြစ်ကြောင်းနဲ့အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာနေရာဖြစ်တဲ့ Kharg ကျွန်းကို ထိန်းချုပ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးပါတယ်။
ထရမ့်က ကာတာ၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကူဝိတ်နဲ့ ပါကစ္စတန်နိုင်ငံခေါင်းဆောင်များနဲ့ ဆွေးနွေး ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။
နောက်ပိုင်းတွင် ဂျော်ဂျီယာပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Burt Jones အား ထောက်ခံတဲ့ အွန်လိုင်းမဲဆွယ်ပွဲတခုမှာ ထရမ့်က အီရန်နဲ့ စစ်ပွဲဟာ လက်တွေ့အားဖြင့် အဆုံးသတ်သွားပြီလို့ဆိုပါတယ်။
“ဒီနေ့ အီရန်နဲ့ စစ်ပွဲကို ကျွန်တော်တို့ အဆုံးသတ်လိုက်ပါပြီ။ သူတို့အနေနဲ့ နျူကလီးယားလက်နက် ဘယ်တော့မှ မပိုင်ဆိုင်တော့ဘူးဆိုတာကိုလည်း သဘောတူခဲ့ပါတယ်” လို့ ထရမ့်က ပြောပါတယ်။
ထရမ့်က အီရန်ကို နျူကလီးယားလက်နက် မရရှိစေရန် တားဆီးခြင်းဟာ ဝါရှင်တန်ရဲ့ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း ထပ်မံအလေးပေးပြောဆိုခဲ့ပါတယ်။
“သူတို့ဟာ နျူကလီးယားလက်နက်ကို ဝယ်ယူမှာ မဟုတ်သလို ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်မှာမဟုတ်ပါဘူး” လို့ထရမ့်က ဆိုပါတယ်။
ဒါ့အပြင် သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးပြီးတာနဲ့ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မယ်လို့လည်း ထရမ့်က ပြောဆိုပါတယ်။
ဒါပေမယ့် အီရန်ဘက်ကတော့ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အချက်ပြ ထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီရဲ့ ပြောကြားချက်ကို အီရန်မီဒီယာများက ကိုးကားဖော်ပြရာတွင် သဘောတူညီချက်ပါ စာသားအများစုမှာ အပြီးသတ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း အရေးကြီးသည့် ဆုံးဖြတ်ချက်အချို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်သုံးသပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက် မချရသေးပါဘူး။ ဒါဟာ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး သက်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဖွဲ့အစည်းတွေက ဆန်းစစ်သုံးသပ်နေဆဲ ဖြစ်ပါတယ်” လို့ ဘာဂါအီက ပြောပါတယ်။
ဒါ့အပြင် ဆွေးနွေးညှိနှိုင်းမှုများအတွင်း အီရန်ရဲ့ အခြေခံရပ်တည်ချက်များကို အလျှော့ပေးမှာမဟုတ်ကြောင်း လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုထားပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်၊ နိုင်ငံခြားတွင် ထိန်းသိမ်းခံထားရတဲ့ ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရန်နဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်းရဲ့ထိန်းချုပ်မှုကို အသိအမှတ်ပြုပေးရန်တို့ကို သဘောတူညီချက်တွင် ထည့်သွင်းလိုကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
သဘောတူညီချက် ရရှိနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်မှု မြင့်တက်လာခဲ့ပြီး အမေရိကန်စတော့ရှယ်ယာဈေးကွက် မြင့်တက်ခဲ့သလို ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ထရမ့်က ဝါရှင်တန်နဲ့ တီဟီရန်တို့အကြား သဘောတူညီချက်တရပ် ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ဆက်လက်ညှိနှိုင်းမှုများနဲ့ စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သဖြင့် တရားဝင် သဘောတူညီချက်တရပ် ထွက်ပေါ်လာခြင်း မရှိသေးပါ။
ကိုးကား – Telegraph India
သတင်း – Mickey










