မီဇိုရမ်မှာ အိမ်ထောင်စု ငါးထောင်ကျော်ရဲ့ စပါးနဲ့သီးနှံများကိုကြွက်ဖျက်ဆီးဟုဆို

နိုဝင်ဘာလ ၂၈၊ ၂၀၂၅

Zalen

မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင် ၁၁ ထဲမှ အိမ်ထောင်စု ၅၃၁၇ ရဲ့ တောင်ယာစပါးနဲ့ သီးနှံများကို ကြွက်များက ဖျက်ဆီးတာကြောင့် ပျမ်းမျှအားဖြင့်သူတို့ရိတ်သိမ်းရမယ့်ပမာဏထက် ၄၂ ဒသမ ၆ ရာခိုင်နှုန်းဆုံးရှုံးကြတယ်လို့သိရ ပါတယ်။

ဒီနှစ်အတွင်း မီဇိုရမ်ပြည်နယ်ထဲမှာ ဝါးသီးတာကြောင့် ကြွက်များအဆမတန်ပေါများလာခြင်းဖြစ်ပြီး ခရိုင် ၁၁ ထဲက ကျေးရွာ ၁၈၀ အပေါ်သက်ရောက်မှုရှိပါတယ်။ စပါး တင်းပေါင်း ၄၃၀၇ ခန့်ကိုကြွက်များက ဖျက်ဆီး ခဲ့တာလို့ မီဇိုရမ်အခြေစိုက်သတင်းဌာနများကဖော်ပြပါတယ်။

Zalen ad

ကြွက်ပြဿနာရင်ဆိုင်မှု အများဆုံးခရိုင်က မာမစ်ခရိုင်မှာဖြစ်ပြီး ခရိုင်အတွင်းရှိ အိမ်ထောင်စု ၂၀၀၉ စု ရဲ့ တောင်ယာ စပါးများကိုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ ဒုတိယအများဆုံးမှာ လုံးလေခရိုင်ဖြစ်ပြီး အိမ်ထောင်စု ၁၀၇၁ စု ရဲ့ စပါးများ ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။

မီဇိုရမ်အစိုးရ၊ တောင်ယာနှင့် စိုက်ပျိုးရေးဌာနတာဝန်ရှိသူများရဲ့ပြောကြားချက်အရ ကြွက်များဟာ ဆန်စပါးကို ဖျက်ဆီးတာအများဆုံးဖြစ်ပြီး အခြားသောသီးနှံများဖြစ်ကြတဲ့ ပြောင်းဖူး၊ ကြံ၊ ဂျင်း၊ ပဲအမျိုးမျိုး၊ နှံ၊ ငရုတ်သီး နဲ့ သခွါးသီး စတဲ့ အသီးအနှံများကိုလည်းဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ကြွက်များကို ဒေသတွင်းနည်း နဲ့ သုတ်သင်တာတွေလည်းရှိသလို အဆိပ်များလည်းသုံးပြီး သုတ်သင်ခဲ့ တယ်လို့သိရကာ ကောက်ယူထားတဲ့စာရင်းများအရ ကြွက်အကောင်ရေ ၃၂,၃၇၅ ကိုရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါ တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ မာမစ်ခရိုင်အတွင်းဝါးများစတင်သီးလာခြင်းဖြစ်ပြီး နှစ်ကုန်ပိုင်းမှာတော့ တစ်ပြည်နယ်လုံးကိုပျံ့နှံ့ကာ ရွာပေါင်း ၁၄၀ ကျော် မှာ ဝါးများအသီး သီးခြင်းဖြစ်တယ်လို့သိရပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

ဆက်ဖတ်ရန်