ဒီဇင်ဘာ ၂၉ ၊၂၀၂၅
Zalen
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဖီရ်ရွာ (Tiphir)ကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစစ်ကောင် စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းအပါအ၀င် လူနေအိမ်၂၀ ၀န်းကျင်ပျက်စီးတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
အဆိုပါ မန်းခဲန်းအုပ်စု၊သီးဖီရ်ရွာ လေကြောင်းတိုက်ခိုက်မှုကို ညနေ ၅ နာရီခွဲ၀န်းကျင်မှာ နှစ်ကြိမ် ၊ ဂျက်ဖိုက်တာနဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတစ်ဦးက ” နေအိမ် သုံးလုံးမီးလောင်ပြာကျ တယ်။ပြီးတော့ တစ်လုံး က နေလို့မရအောင် ပျက်စီးယိုယွင်းသွားပါတယ်။ဘုရားကျောင်းကလည်း တော်တော် လေးကို ပျက်စီး သွားပါတယ်” လို့ Zalen ကိုပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သီးဖီရ်ရွာရှိ ဒေသခံတွေထိခိုက်မှုမရှိပေမယ့် လူနေ အိမ် ၁၆ လုံးခန့် လည်း ထိခိုက်မှုရှိပြီး အနည်း ငယ် ပျက်စီးမှုတွေရှိတယ်လို့ သူကဆက်လက် ရှင်းပြပါတယ်။
လက်ရှိ စစ်ကောင်စီစစ်ကြောင်း နဲ့ နှစ်ဖက်တိုက်ပွဲတွေက သီးဖီရ်ရွာ နဲ့ အနီးနား မှာ ဖြစ်နေတာကြောင့် လမ်းကြောင်းရှင်းပေးတဲ့သဘောနဲ့ကျေးရွာတွေကို လေကြောင်းနဲ့ဗုံးကြဲတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့တုန်းကလည်း သီးဖီရ်ရွာကို စစ်ကောင်စီကလေကြောင်း
တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က တရားမ၀င်ရွေးကောက်ပွဲကျင်းပနေတဲ့ စစ်ကောင် စီ ကတော့ ဖလမ်း မြို့နယ်အတွင်းရှိ ဇာထီရ်ရွာဟောင်း နဲ့ Muleng သစ်တောဝိုင်းကို လေကြောင်းကနေ ၃ ကြိမ်လာရောက်တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – မိုးပီအောင်
ဓာတ်ပုံ-လူမှုကွန်ယက်

















