ဒီဇင်ဘာလ ၃၀၊ ၂၀၂၅
Zalen
လက်ရှိမြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့် အမှန်တရားပေါ်မှာရပ်တည်ပြီး စုစည်းတဲ့ခွန် အားကသာလျှင် စစ်မှန်တဲ့ခွန်အားဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဒီညပြုလုပ်တဲ့ ချင်းညီနောင် ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်အခမ်းအနားမှာပြောကြားထားပါတယ်။
လက်ရှိတော်လှန်ရေးလုပ်နေသူများဟာ မိမိကိုယ်မိမိ တော်လှန်ရေးသမားများလို့ ခံယူထားကြသူများဖြစ်တာနဲ့ အညီ တော်လှန်ရေးဆိုတာ မတရားမှုကိုတွန်းလှန်တဲ့ဝေါဟာရဖြစ်တာကြောင့် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေဖို့လိုအပ်ကြောင်း၊ စုစည်းဖို့အရေးကြီးကြောင်း ပြောကြားထားပါတယ်။

“ရန်သူကို လက်နက်အင်အား နဲ့ အခြားသောအင်အားနဲ့ယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အမှန်တရားပေါ်မှာရပ် တည်ပြီး စုစည်းတဲ့ခွန်အားကသာလျှင်ကျွန်တော်တို့ရဲ့ တကယ့်ခွန်အားအစစ်အမှန်ဖြစ်တာ ကျွန်တော်တို့ အမြဲတမ်းသတိချပ်ဖို့လိုပါတယ်။” လို့ပြောကြားထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအတွက် အောင်ပွဲဆိုတာဟာ နောက်ဆုံးအဆုံးအဖြတ်မှာ ထွက်ပေါ်လာတဲ့အဖြေကသာ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးသမားများ အားလုံးမှာတူညီတဲ့ပန်းတိုင်ရှိပြီးသားဖြစ်မယ်လို့ယုံကြည်ကြောင်း၊ မတရားမှုကို တော်လှန်တာက အစဖြစ်ပြီး တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ဖို့က အားလုံးရဲ့ပန်းတိုင်ဖြစ်လို့ ဘယ်ကနေစပြီး ဘယ်မှာအဆုံးသတ်မလဲဆိုတာ အတိအကျရှိတယ်လို့ ယုံကြည် ကြောင်း ပြောဆိုသွားပါတယ်။
အလားသူ ယခုလိုမှန်ကန်တဲ့လမ်းကြောင်းပေါ်သွားတဲ့အခါမှာစုစုစည်းစည်းနဲ့ တစ်ဖက်နဲ့တစ်ဖက် ၊ တစ်ယောက် နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့အချိတ်အဆက်ညီညီဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရယ်လို့ ပေါ်ပေါက်လာကတည်းက တစ်စုတစ်စည်းတည်း နိုင်ငံကိုမတည်ဆောက်နိုင်ခဲ့လို့ ဒီကနေ့အထိဖရိုဖရဲဖြစ်နေတာ ဟာ အတွေ့အကြုံဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်နွေဦးတော်လှန်ရေးမှာ အစီအစဉ်တကျတော်လှန်ပြီး အစီအစဉ်တကျ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။
ယခုအချိန်ဟာ လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်းမဟုတ်ဘဲ ကျွန်တော်တို့အနာဂတ်အတွက်တည်ဆောက် ချိန်လည်းဖြစ်လို့ စစ်တိုက်ခြင်း ၊ အုပ်ချုပ်ခြင်း၊ နိုင်ငံရေး နဲ့ ပြည်သူ့ဝန်ဆောင်မှုပေးတာ စတဲ့ခေါင်းစဉ်တွေ အားလုံးကို စုစည်းပေးတဲ့စီမံကိန်းလိုအပ်ကြောင်း၊ ဒါဟာ မဟာဗျူဟာဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။
ချင်းလဲန်းရဲ့အင်အားစု ၊ ချင်းလဲန်းရဲ့အရင်းအမြစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အဖိုးမဖြတ် နိုင်တဲ့ခွန်အားတွေဖြစ်ပါစေလို့ ဆုတောင်းကြောင်း၊ စုစည်းမှုနဲ့အပြန်အလှန်နားလည်မှုကသာလျှင်ကျွန်တော်တို့ ကိုအောင်မြင်မှုပေးစွမ်းနိုင်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ချင်းညီနောင်ကို လွန်ခဲ့တဲ့ နှစ်နှစ် ယခုလိုအချိန်မှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ချင်းညီနောင်အတွင်း CNO/CNDF ၊ CDF-Mindat ၊ MRO/CDF-Matupi ၊ MTC/MDF ၊ CDF-Kanpetlet နဲ့ ZFU/ PDF-Zoland တို့ ပါဝင်ကြကာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မဟာမိတ်များနဲ့အတူ မင်းတပ်မြို့၊ မတူပီမြို့၊ ကန်ပက်လက် မြို့ နဲ့ ဖလမ်းမြို့ တို့ကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
သတင်း – Grace

















