ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
Zalen

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇နှင့် ၇ ဒဿမ ၅ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းသော ငလျင်ကြောင့် ၁၁ ထပ်မြင့် Sky Villa ကွန်ဒို အဆောက်အအုံ ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၄ (က) ဖြင့် ဖေဖော်ဝါရီ ၁၀ရက်နေ့က တရားစွဲဆိုမှု စတင်လိုက်တယ်လို့ သိရှိရ ပါတယ်။
ပြိုကျခဲ့တဲ့ အဆောက်အအုံထဲကနေ အသက်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့သူ ၅၂ ယောက်ခန့်သာရှိခဲ့ပြီး သေဆုံးသူ ၂၀၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး လူသေဆုံးမှုအများဆုံးနဲ့ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တဲ့ အဆောက်အအုံလည်းဖြစ်ပါတယ်။
ဒေသခံတဦးရဲ့ပြောကြားချက်အရ ‘’အဲ့ဒီအဆောက်အဦးက ဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်၊ အရေးယူမှုတွေလုပ်ပြီလို့ကြားတယ် အသေးစိတ်တော့မသိသေးဘူး’’လို့ပြောပါတယ်။
NTL Construction Company ဘက်က ဝမ်းနည်းကြောင်း တောင်းပန်မှု အခမ်းအနားကို မန္တလေးမြို့ ၁၉ လမ်းရှိ မုန်တိုင်ဇရပ်တွင် ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၂၀၆ ယောက်ထဲမှ ဆက်သွယ်နိုင်တဲ့ မိသားစုတွေကို တဦးချင်းစီ အတွက် ကျပ်သိန်း ၁၀၀ စီ ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။
အဆိုပါလျော်ကြေးငွေနဲ့ပတ်သက်လို့ မြို့ခံတဦးက ‘’ လျော်ကြေးပေးတောင်းပန်တာတော့ဟုတ်ပါတယ် ၊ အသက်သေဆုံးတာဆိုတော့ မကျေနပ်တာတွေလည်းရှိနေတယ်”လို့ဆိုပါတယ်။
Sky Villa ကွန်ဒိုဟာ မန္တလေးမြို့ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ ရှိပြီး ၂၀၁၈ ခုနှစ်အစပိုင်းအတွင်း ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ကွန်ဒိုတခန်းတန်ဖိုးဟာ ကျပ်သိန်း ၆,၅၀၀ ကျော်ရှိတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
သတင်း- Zaya Moon
ဓာတ်ပုံ-လူမှုကွန်ယက်
#SkyVilla #ကွန်ဒို#ငလျင်#Zalen














